အချို့ကဟန်ဆောင်ကောင်းတယ်။ တကယ်မချစ်ဘဲနဲ့လည်းချစ်တယ်လို့ ပါးစပ်ကပြောထွက်ပြီးတွဲရဲကြတယ်။
အရူးလုပ်ခံရတဲ့သူတွေကမသက်သာဘူး။ အချိန်ကြာလို့ပိုပြီးသံယောဇဉ်မတွယ်ခင် သူကိုယ့်အပေါ် တကယ်ချစ်၊ မချစ်ဆိုတာ ဒီအချက်လေးတွေနဲ့ဆန်းစစ်ကြည့်လိုက်ပါ။
(၁) သူအရင်ဖုန်းဆက်ဖို့ဝန်မလေးသူ
တကယ်ချစ်တဲ့သူက သင့်ကိုသတိရရင်အရင်ဖုန်းဆက်ဖို့လည်းဝန်လေးမှာမဟုတ်ပါဘူး။ တကယ်ချစ်ပြီဆိုအတ္တတွေ၊ မာနတွေမရှိတော့ဘူး။ နောက်ပြီးသူဘာလုပ်လုပ် အလိုလိုနေရင်းသင့်ကိုအသိပေးလာမယ်။သူနဲ့မတွေ့တဲ့အချိန်တွေမှာ သင်လည်းဘာလုပ်နေမလဲဆိုတာသိချင်ပြီး ဖုန်းဆက်မေးနေပါလိမ့်မယ်။
(၂) မဝေဖန်ဘူး
ဝေဖန်တာမှာ အကောင်းနဲ့အဆိုးရှိပါတယ်။ သင့်ကိုကောင်းစေချင်လို့ဝေဖန်တာမျိုးပဲရှိမယ်။ စိတ်ထဲနာကျင်အောင်တော့ဝေဖန်တာမျိုးတွေ သူလုပ်မှာမဟုတ်ဘူး။ သင်က ဒါလေးနဲ့လှလားမေးရင် သူကလိုက်ဖက်မှုရှိ၊ မရှိဘဲ သူ့အမြင်ကိုပြောပြလိမ့်မယ်။ နင်ကဝတာကိုး၊ နင်ကပိန်တာကိုး ဆိုပြီး Body Shaming တွေလုပ်မနေဘူး။
(၃) ဝမ်းနည်းနေရင်အသင့်ရှိသူ
သင်ဝမ်းနည်းလာလို့၊တစ်ခုခုအဆင်မပြေရင်လိုအပ်တဲ့အချိန်သူအနားမှာရှိနိုင်အောင်ကြိုးစားပါလိမ့်မယ်။ သင်ကတွေ့ချင်လို့ချိန်းရင်လုပ်စရာတစ်ခုခုရှိနေရင်တောင် ခြစ်ကုတ်ပြီး သင့်ကိုမရမကအချိန်ပေးပါလိမ့်မယ်။ သူ့အတွက် သင်ရဲ့ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းဆိုတာအရေးပါတယ်လေ။
(၄) ကတိဖျက်မလွယ်ဘူး
အတူတူလျှောက်သွားဖို့ဒိတ်ထားပြီရင် အရေးကြီးကိုယ်ရေးကိုယ်တာကိစ္စကလွဲရင် ဘာအတွက်နဲ့မှ သင်နဲ့ဒိတ်ထားတာကိုဖြတ်မှာမဟုတ်ဘူး။ သင်နဲ့သူ့ကြားက ယုံကြည်မှုကြိုးအမျှင်လေးကိုသူအပျက်စီးမခံနိုင်ဘူးလေ။
(၅) ချုပ်နှောင်ခြင်းမရှိ
သင့်ကို အခြားသူငယ်ချင်းတွေနဲ့အပြင်သွားတာမျိုးဆိုလွှတ်ပေးထားတတ်တယ်။ သူများစုံတွဲတွေလို ဖုန်းတဂွမ်ဂွမ် (၁၅)မိနစ်ခြား တစ်ခါဆက်မနေဘူး။ အရမ်းချုပ်နှောင်လွန်းတဲ့အခါ သင်ထွက်ပေါက်ရှာသွားမှာကိုသူစိုးရိမ်တယ်။ သူ့ကြောင့် သင်မွန်းကြပ်တာမျိုးမဖြစ်စေချင်တဲ့အတွက် သင့်ကိုလွတ်လပ်ခွင့်ပေးထားတာပါ။ နောက်ပြီး ဖေ့စ်ဘုတ်အကောင့်တွေ ဘာတွေဝင်စစ်တာမျိုးလည်းမလုပ်ဘူး။
(၆) အတိတ်ကိုလက်ခံပေးတယ်
သင်အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူအဲ့ဒါတွေကိုဂရုမစိုက်ဘူး။ လက်ရှိသူနဲ့တွဲနေချိန်မှာသာ သူ့အပေါ်သစ္စာရှိရင်ကျေနပ်နေသူဖြစ်ပါတယ်။ ပြဿနာတစ်ခုခုတက်လို့ပြီးခဲ့တဲ့ကိစ္စတွေ ပြန်ပြောပြီး သင့်ကိုနာကျင်အောင် လုပ်မယ့်သူမျိုးမဟုတ်ပါဘူး။
(၇) ရန်ဖြစ်ပြီးတိုင်းသူအရင်စခေါ်တယ်
ရန်ဖြစ်ပြီးရင် ပိုချစ်တဲ့သူကအရင်စခေါ်ပါတယ်။ စိတ်အခန့်မသင့်လို့ နှစ်ယောက်သားစကားများကြပေမယ့် ငါသူ့ကိုပြောထွက်မိသွားတယ်လို့ တနုံ့နုံ့တွေးပြီးစိတ်မကောင်းဖြစ်နေမှာပါ။ အရင်စခေါ်လာရင်မူသင့်သလောက်မူပြီး ပြန်စကားပြောနော်။ မဟုတ်ရင် သင်အကြီးကျယ်စိတ်ဆိုးသွားတတ်ဆိုပြီး သူ့ကိုယ်သူအပြစ်တင်နေပါလိမ့်မယ်။
(၈) သင်တို့ရဲ့နှစ်ပတ်လည်နေ့ရက်တွေကိုမှတ်မိသူ
သင်တို့ရဲ့နှစ်ပတ်လည်ရက်တွေရောက်ရင် သူအမြဲသတိတရနဲ့ surprise လေးတွေလုပ်ပေးပါလိမ့်မယ်။ သူလုပ်ပေးတဲ့အမှတ်တရတွေကြောင့် သင်ပျော်ရွှင်ရတယ်ဆိုရင်သူလည်းဝမ်းသာပါတယ်။ တကယ်ချစ်တတ်လာရင် အရာရာမှာ သည်းခံအနစ်နာခံလာပါတယ်။ သင်နဲ့ပတ်သတ်တဲ့အသေးစိတ်တွေကိုလည်းသူမှတ်ထားတတ်တယ်။
ကဲ...ပြောထားတဲ့အချက်တွေနဲ့ ဘယ်နခုလောက်တိုက်ဆိုင်လဲ။ အကုန်လုံးတိုက်ဆိုင်တူညီတယ်ဆိုရင်တော့ အကောင်းဆုံးချစ်သူကို ပိုင်ဆိုင်ထားရပြီလို့သာ မှတ်လိုက်ပါတော့..။
Credit : MMONLINEMEDIA