လူတွေကဘယ်လိုအခြေအနေမှာဖောက်ပြန်တတ်ကြလဲ

လူတွေကဘယ်လိုအခြေအနေမှာဖောက်ပြန်တတ်ကြလဲ

Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် သစ္စာရှိမှုဟာ အရေးအကြီးဆုံး အချက်တစ်ခုပါ။ ဖောက်ပြန်ခြင်းဆိုတာဟာ relationship တစ်ခုလုံးဖျက်ဆီးပစ်နိုင်တဲ့ အရာဖြစ်ပြီး အခြေအနေအမျိုးမျိုးနဲ့ ပေါ်ပေါက်လာတတ်ပါတယ်။

 

အထူးသဖြင့် ရုပ်ရှင်တွေ၊ ဝတ္တုတွေနဲ့ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာပါ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ သမီးရည်းစားအချင်းချင် ဖောက်ပြန်နေကြတဲ့ ဇာတ်လမ်းတွေကို မကြာခဏမြင်ဖူးကြပါလိမ့်မယ်။ ဒီလိုဖောက်ပြန်မှုတွေကို အခြေခံပြီး သိပ္ပံပညာရှင်တွေက ဘာကြောင့်ဖောက်ပြန်ရတာလဲဆိုတာနဲ့ ဖောက်ပြန်မှုတွေဆီ တွန်းပို့တတ်တဲ့ အရာတွေကို ဖော်ပြခဲ့ကြပါတယ်။

 

” Once could be an accident two is a decision” ဆိုသလိုပဲ တစ်ချိန်တစ်ခါဖောက်ပြန်မှုဟာ မတော်တဆအဖြစ်လည်ကောင်း အခြေအနေတစ်ခုခုကြောင့်လည်ကောင်း ဖြည့်တွေးပေးပြီး နားလည်ခွင့်လွှတ်လို့ရပေမယ့် နောက်တကြိမ်ဖောက်ပြန်ရင်တော့ လုံးဝခွင့်မလွှတ်သင့်တော့ပါဘူး။ ဘယ်လိုအခြေအနေတွေက ဖောက်ပြန်မှုတွေဆီ တွန်းပို့တတ်လဲဆိုတာကို လေ့လာကြည့်ရအောင်နော်။

 

၁။ စိတ်ခံစားချက် ရင်နှီးမှုမရှိခြင်း


အမျိုးသားရော၊ အမျိုးသမီးဖြစ်သူမှာပါ တစ်ယောက်ကိုတစ်ယောက် နှလုံးသားချင်း ရင်းနှီးမှုမရှိခြင်းက ဖောက်ပြန်မှုတွေဆီ တွန်းပို့တတ်ပါတယ်။ အမျိုးသားတွေအတွက်ကတော့ လိင်ကိစ္စအတွက်သာ ဖောက်ပြန်တတ်ကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးအကြံပေးဖြစ်သူ Gary Neuman ရဲ့စာအုပ်ထဲမှာတော့ သူအကြံပေးနေတဲ့ ဖောက်ပြန်သူအမျိုးသား ၄၇ % လောက်က စိတ်ခံစားချက်ရင်နှီးခြင်း မရှိတာကြောင့်လို့ ဝန်ခံခဲ့ကြပါတယ်။ ဒီလိုအခြေအနေမျိုးတွေဟာ ပိုပြီးခက်ခဲတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေဟာ သူတို့ရဲ့ခံစားချက်တွေကို မဖော်ပြချင်ကြသလို အမျိုးသမီးတွေကလည်း လက်တွဲဖော်ကို ဖြည့်ဆည်းပေးရမယ့် အရာတွေမေ့နေတတ်ပါတယ်။ ဒီလိုကိစ္စတွေကို အမျိုးသမီးတွေက နောက်ကျမှသတိထားမိခြင်း သို့မဟုတ် လျစ်လျူရှုတတ်ကြပါတယ်။

 

 

၂။ အတွေ့အကြုံနဲ့ ပတ်ဝန်းကျင်ရဲ့ သြဇာလွှမ်းမိုးမှုကြောင့်


ခြံခုန်စရှိတဲ့ မြင်းဟာ ခြံခုန်သလိုပဲ အရင် Relationship မှာ ဖောက်ပြန်မှုအတွေ့အကြုံရှိခဲ့တဲ့ လူတစ်ယောက်ဟာ နောက်ထပ်တွဲတဲ့သူနဲ့လည်း အရင်ကလိုအချိုးမျိုး ပြုလုပ်တတ်လေ့ရှိပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုက ရှုပ်ပွေတတ်တဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်တတ်သူဟာလည်း ပိုမိုဖောက်ပြန်တတ်လေ့ရှိကြောင်း သိရပါတယ်။ အခြားအမည်မသိစစ်တမ်းတစ်ခုမှာတော့ ကျူးလွန်သူအမျိုးသား ၇၅% ဟာ သူတို့ရဲ့သူငယ်ချင်းတွေ၏ မိန်းမတွေကို ကြာကူလီရိုက်တတ်ကြကြောင်း ပျမ်းမျှအနေနဲ့ ဖော်ပြထားပါတယ်။

 


၃။ ပျင်းစရာကောင်းတဲ့ Relationship


အမျိုးသား ၇၀% နဲ့ အမျိုးသမီး ၄၉% ဟာဖောက်ပြန်ဖို့ ဆုံးဖြတ်တတ်ကြတဲ့ အကြောင်းပြချက်တစ်ခုကတော့ စိတ်ခံစားချက်အသစ်တွေကို ပျောက်ဆုံးနေတာကြောင့်လို့ ဆိုပါတယ်။ အဆိုပါစကားကို ကောက်ချက်ဆွဲရရင် ကြီးကြီးမာမား အရှုပ်တော်ပုံပြဿနာတွေနဲ့ စိတ်ပျက်စရာကိစ္စတွေ မပါရင်တောင်မှ ပျင်းစရာကောင်းတာကြောင့် ဖောက်ပြန်တတ်ကြောင်း ဆိုလိုရမလိုပါပဲ။

 

 

၄။ ဆယ်စုနှစ်မတိုင်မှီ အတွေ့အကြုံသစ်ရှာခြင်း


လူတိုင်းဟာ အတိတ်ကနှစ်တွေဆီကနေ အမှတ်ရစရာအခိုက်အတန့်တွေကို အောက်မေ့တတ်ကြပါတယ်။ ပညာရှင်တွေရဲ့လေ့လာမှုအရ ဆယ်စုမပြည့်ခင် အသက် ၂၉၊ ၃၉၊ ၄၉ စတဲ့အရွယ်တွေဟာ ဖောက်ပြန်မှုအများဆုံးဖြစ်ကြပြီး ဒါကို quarter-Life crisis လို့လည်း ခေါ်ကြပါတယ်။ ဒီလိုအချိန်မှာ အတွေ့အကြုံအသစ်ကို ရှာဖို့စိတ်ဝင်စားတတ်ကြောင်း ပြောခဲ့ကြပြီး မိသားစုအပေါ်ကောင်းတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်၊ သင့်ရဲ့ချစ်လှစွာသောခင်ပွန်းက အသက် ၃၉ ပြည့်မှ ရုတ်တရက်ဖောက်ပြန်သွားနိုင်တယ်လို့လည်း မဆိုလိုပါဘူး။ ဖောက်ပြန်ဖို့ ရည်ရွယ်ချက်ရှိသူဆို ယခုလိုအချိန်ဟာ အဖြစ်တတ်ဆုံးဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။

 

 

၅။ လူမှုကွန်ယက်တွေအပေါ် အလွန်အကျွံစိတ်ဝင်စားမှု

 

ဖောက်ပြန်မှု အန္တရာယ်မြင့်တက်လာမှုနဲ့ ကွာရှင်းမှုတွေ မြင့်တက်လာခြင်းရဲ့ အကြောင်းရင်းတစ်ခုဟာ ဖေ့ဘွတ်၊ တွစ်တာ စတဲ့အခြားဆိုရှယ်နက်ဝပ်တွေကြောင့်လို့လည်း ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူမှုကွန်ယက် စွဲလမ်းခြင်းဟာ အိပ်ရာမှအစောကြီးနိုးထခြင်း၊ သို့မဟုတ်အိပ်ရာဝင်နောက်ကျခြင်း တို့ကြောင့် သူတို့တွေရဲ့ချစ်သူတွေဟာ အထီးကျန်ကြရတယ်လို့ ဆိုပါတယ်။

 

 

၆။ အလုပ်နဲ့ စီးပွားရေးဆိုင်ရာ ခရီးတွေ


လေ့လာမှုတွေအရ ဖောက်ပြန်တဲ့အမျိုးသား၃ ပုံ၁ ပုံဟာ တကယ်ကိုစီးပွားရေးသမားတွေဖြစ်ကြပြီး အလုပ်နဲ့ခရီးတွေထွက်တဲ့အခါ ဖောက်ပြန်မှု အများဆုံးဖြစ်ကြကြောင်း ဆိုပါတယ်။ ပြီးတော့ အမျိုးသမီး ၁၃% က အလုပ်မှာတင် ဖောက်ပြန်တတ်ကြကြောင်း ဖော်ပြခဲ့ပါသေးတယ်။

 


၇။ Oxytocin မရှိခြင်း


Oxytocin လိုခေါ်တဲ့ ပွေ့ဖက်တဲ့အချိန်တဲ့ နမ်းတဲ့အချိန်မှာ ဖြစ်လာတတ်တဲ့ ဟော်မုန်းဟာလည်း စုံတွဲတွေတစ်ဦးကိုတစ်ဦး ယုံကြည်မှုဖန်တီးခြင်း၊ စောင့်ရှောင်ခြင်းအဖြစ် အရေးပါတ့ ဲ အခန်းကဏ္ဍအဖြစ်ပါဝင်ကြောင်း သိရပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အဆိုပါဟော်မုန်း ပျောက်ဆုံးခြင်းဟာ ဖောက်ပြန်ဖို့အတွက် လမ်းစတစ်ခုဖြစ်လာစေတယ်လို့ ဆိုပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် ယခုဖော်ပြတဲ့ ၇ ချက်လုံးဟာ ဖောက်ပြန်သူတွေအတွက် အကြောင်းပြချက် မဖြစ်သင့်သလို victim blaming လည်း မဖြစ်သင့်ပါဘူး။ စုံတွဲတိုင်းဟာ ကိုယ့်ရဲ့ relationship ကိုကယ်တင်နိုင်ဖို့ အရင်ဆုံး စဉ်းစားပြီးမှသာ မဖြစ်နိုင်တော့တဲ့အဆုံး လမ်းခွဲဖို့စဉ်းစားသင့်ပါတယ်။ တကြိမ်တခါမှားတာကြောင့် ခွင့်လွှတ်သင့် မလွှတ်သင့်ဆိုတာက အခြေအနေတွေအပေါ်မူတည်သလို တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။

 

 

By SD(Myanmar Wedding Guide) 

Source: Brightside

Read times Last modified on Tuesday, 08 September 2020 18:18
Rate this item
(0 votes)