အသဲခွဲခံရပြီဆိုလျှင်…

အသဲခွဲခံရပြီဆိုလျှင်… google.com

လူငယ်တိုင်းအောင်မြင်မှုအတွက် ကြိုးစားနေတဲ့အချိန်မှာ အခက်အခဲအနှောင့်အယှက်ဆိုတာ ကြုံတွေ့ရ စမြဲပါ။

 

ပုထုစဉ်လူသားတစ်ယောက်ဖြစ်တဲ့အတွက် အချစ်ဆိုတဲ့ ခံစားချက်ကိုလည်း တစ်ချိန်မဟုတ် တစ်ချိန်တော့ ကြုံတွေ့ရမှာပါ။

 

အချစ်ဆိုတဲ့ခံစားချက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ အသဲကွဲခြင်းပဲပေါ့။ အသဲခွဲခံရတာ အလွန်ခံစားရတယ်ဆိုတာ တွေ့ကြုံဖူးသူတိုင်း သိကြမှာပါ။ 

 

ဒါပေမဲ့ ရုပ်ရှင်ထဲကလို၊ သီချင်းထဲကလို အရက်သောက်တာမျိုး၊ ဘ၀ကို အရူံးပေးတာမျိုး မပြုလုပ်သင့်ပါ။ အချိန်က အရာရာကို ကုစားသွားပါလိမ့်မယ်။

 

သူမရှိရင် ကမ္ဘာကြီး ပျက်တော့မဲ့အလား ခံစားခဲ့ရပေမဲ့၊ နောင်တချိန်ချိန်မှာ ပြန်တွေး လိုက်ရင် ကိုယ့်ကိုယ်ကိုတောင် ပြန်ရှက်မိသလိုပဲ။ သူနဲ့မညားလိုက်တာ အရမ်းကံကောင်းပါလား ဆိုတဲ့ အတွေးတောင်ဝင်လာပါတယ်။ 

 

လူငယ်များကို အကြံပြုချင်ပါတယ်။ ချစ်သူလမ်းခရီးမှာ အသဲခွဲခံရပြီဆိုရင်...

 

၁။ အကြောင်းရင်းကို မမေးမြန်းပါနှင့်

 

လမ်းခွဲရအောင်လို့ အပြောခံရရင် ဘာကြောင့်လဲလို့ မမေးပါနှင့်၊ ဘာမှထူးခြားတဲ့ အဖြေရမှာမဟုတ်လို့ပါ။ 

 

တချိန်တုန်းက သူဘာအကြောင်းကြောင့် သင့်ကို စိတ်ဝင်စားခဲ့၊ ၀င်စားခဲ့၊ အားလုံး အတိတ်ဖြစ်သွားပါပြီ။ 

 

လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အကြောင်းပြချက် မလိုအပ်သလို လူတစ်ယောက်ကို မချစ်တော့ဘူး ဆိုရင်လည်း အကြောင်းပြချက် မရှိပါ။ ချစ်လို့ လက်တွဲခဲ့ချင်ပေမဲ့ မချစ်တော့လို့ လက်တွဲဖြုတ်ချင်တာပါ။ 

 

တကယ်လို့ အကြောင်းရင်းတစ်ခု ကို မရမက ရှာဖွေကြေးဆိုရင် အချစ်စိတ်လုံလုံလောက်လောက်မရှိခဲ့လို့ နေမှာပါ။

 

၂။ ချစ်ဖူးသလား လို့ မမေးပါနှင့်

 

လူတော်တော်များများဟာ လမ်းခွဲပြီဆိုရင် “ နှင်ငါ့ကို တကယ်ချစ်ဖူးသလား” လို့ မေးလေ့ရှိပါတယ်။ 


လမ်းတောင်ခွဲနေပြီပဲ၊ ဒီမေးခွန်းဟာ ဘာအဓိပ္ဗါယ်ရှိနိုင်အုန်းမှာလဲ။ လမ်းခွဲတဲ့အချိန်မှာ စကားကို အေးအေး ဆေးဆေး ပြောနိုင်တဲ့လူဟာ စိတ်ပြောင်းသွားတဲ့ဘက်ကပါ။ဒါကြောင့်မို့လို့ မမေးပါနဲ့၊ သိက္ခာအကျမခံနဲ့။

 

၃။ စိတ်ပြန်ပြောင်းလာလိမ့်မယ်လို့ သိပ်မမျော်လင့်ပါနှင့်

 

စိတ်ပြောင်းသွားတဲ့လူတယောက်ဟာ နောက်ပြန်လှည့်လာတယ်ဆိုအုန်းတော့ သူ့ရဲ့ အချစ်ကို သံသယ ၀င်စရာ ကောင်းလှပါတယ်။ 

 

အချစ်ကြောင့် ပြန်လာတာ မဟုတ်ပဲ သူ့စိတ်ထဲမှာ အားသာချက် အနည်းချက် တွေကို ချိန်ခွင်လျှာညိပြီး ပြန်လှည့်လာခဲ့တဲ့လူက ခပ်များများပါ။ 

 

ဒီတစ်ခါ ပစ်ခွာသွားနိုင်ရင် နောင်မပစ်ဘူး လို့ အာမမခံနိုင်ပါဘူး။ ဖြစ်နိုင်ရင် ပြန်လာခဲ့ချင်ရင်တောင်မှ လက်မခံသင့်ပါ။

 

၎။ ကိုယ့်အနာကို မလပ်ပြပါနှင့်

 

ကိုယ်တကယ်ယုံကြည်ရတဲ့ လူရင်းတစ်ဦး နှစ်ဦးမှလွှဲ၍ တွေ့တဲ့လူတိုင်းကို အနာမလပ်ပြပါနှင့်၊ ကိုယ်ကတော့ ခံစားချက်ကို ဖွင့်အံပါရဲ့ ၊ သူများအတွက် ကွယ်ရာမှာ ဟားတိုက်စရာ ဖြစ်သွားတတ် ပါတယ်။ 

 

လူဆိုတာ ကိုယ်မချစ်တော့တဲ့ လူအပေါ် အလွန်ရက်စက်နိုင်ပါတယ်။ တစ်ဘက်သားက ကိုယ်ခံစားတာတွေကို ပြန်ကြားသွားရင်လည်း အရေးစိုက်တော့မှာ မဟုတ်ပါဘူး။

 

၅ ။ တစ်ခုခုကို အာရုံလွှဲ နှစ်မြုပ်လိုက်ပါ။

 

အချိန်ကို ယုံကြည်ပါ။ အချိန်ဟာ အရာရာကို ကုစားသွားပါလိမ့်မယ်။ လမ်းခွဲခါစ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နိုင်ပါတယ်။ စိတ်ထဲမှာ ဟာတာတာနဲ့ အမှီအတွယ်ကင်းမဲ့ နေနိုင်ပါတယ်။ စိတ်ညစ်စရာမလိုပါ။ စိတ်ဆိုးစရာလည်း အကြောင်းမရှိပါ။ 

 

တစ်ဘက်သားကို နာကျည်းနေစရာမလိုပါ။ အမုန်းစိတ်ပွားစရာ အကြောင်းမရှိပါ။ နာကျည်းစိတ် ဖြစ်ဖြစ်၊ အမုန်းစိတ်ဖြစ်ဖြစ် ၀င်သွားရင် အဲဒီစိတ်တွေက ကိုယ့်ကို ပြန်ပြီး ဒုက္ခ ဖြစ်စေပါတယ်။ အလုပ်တစ်ခုခုကို စိတ်နှစ်ကိုယ်နှစ် လုပ်လိုက်ပါ။

 

ဝါသနာပါတာတစ်ခုခုကို စိတ်နှစ်ပြီး လုပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မည်။ အချိန်သည် အကောင်းဆုံးဆေးတစ်လက်ပါ။

 

Credit: Sayar AungKoLatt

Read times Last modified on Wednesday, 19 September 2018 14:43
Rate this item
(1 Vote)