အခုလို ချစ်ကြိုက်ကွဲညား အဖြစ်အပျက်တွေမြန်ဆန်လွန်းတဲ့ခေတ်မှာ ပြီးပြည့်စုံတဲ့ဆက်ဆံရေးတစ်ခုကိုရရှိဖို့ဆိုတာ
သိပ်တော့မလွယ်ကူလှပါဘူး။ ဒါ့ကြောင့်ပျော်ရွှင်တဲ့အချစ်ရေးကိုရရှိဖို့ကြိုးစားနေချိန်မှာ နှစ်ဦးသားဆက်ဆံရေးကိုဆိုးရွားသွားစေနိုင်မယ့် မှားယွင်းပြီးပြုလုပ်မိနိုင်တဲ့အချက်(၆)ချက်ကိုဖော်ပြပေးလိုက်ပါတယ်။
Read More: ချစ်စခင်စအချိန်မှာရှောင်ရှားသင့်တဲ့အချက်များ
(၁) ဆိုရှယ်မီဒီယာပေါ်မှာခြေရာခံခြင်း
သင့်ရဲ့လက်တွဲဖော်အသစ်ဟာ ဘယ်ကျောင်း၊ ဘယ်တက္ကသိုလ်ကိုတက်ခဲ့လဲ။ သူ့ဘ၀ရဲ့ပထမဆုံးအလုပ်အတွေ့အကြုံကဘာလဲ ဆိုတဲ့အချက်တွေကို ပထမဆုံးဒိတ်မတိုင်ခင် ဆိုရှယ်မီဒီယာပေါ်မှာခြေရာခံခြင်းဟာ ကောင်းတဲ့အပြုအမူမဟုတ်ဘူးလို့ စာရေးဆရာမ ရေချယ်ဆက်စ်မန်းကဆိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အွန်လိုင်းမှာတွေ့တဲ့အရာအားလုံးက မှန်ချင်မှလည်းမှန်မှာပါ။ သတင်းအမှားကြီးတွေကိုအမှန်ထင်ပြီး ပထမဆုံးဒိတ်မှာတင်ပြောချလိုက်ရင်တော့ သင့်ရဲ့ပုံရိပ်ကျဆင်းသွားပါပြီ။
(၂) ရည်းစားဟောင်းအကြောင်းပြောခြင်း
ဒါကတော့ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ ပထမဆုံးဒိတ်မှာတင် ဘယ်သူကမှ ရည်းစားဟောင်းနဲ့ဘယ်လိုပြဿနာတွေဖြစ်ခဲ့တယ်ဆိုတာမျိုးကိုကြားချင်ကြမှာမဟုတ်ပါဘူး။
(၃) မလိုအပ်ပဲစောင့်ဆိုင်းခိုင်းခြင်း
မလိုအပ်ပဲစောင့်ဆိုင်းခိုင်းတယ်ဆိုတာ သင့်ဆီဝင်လာတဲ့မက်ဆေ့ခ်ျတွေကို အားရဲ့သားနဲ့ အလုပ်အရမ်းများတဲ့လူတစ်ယောက်ပုံစံလုပ်ပြီး ချက်ချင်းစာပြန်မပို့တာမျိုးကိုပြောတာပါ။ ဒီလိုအပြုအမူမျိုးဟာ သင့်ကောင်မလေးက သင့်ကိုအထင်မကြီးစေဘဲ သူ့ကိုအလေးမထားတဲ့ပုံစံသာ ပေါ်ပေါက်စေပါတယ်။
(၄) ကိုယ့်အကြောင်းတွေအကုန်ပြောပြခြင်း
ကျွမ်းကျင်သူတွေရဲ့အဆိုအရ ပထမဆုံးဒိတ်မှာတင် ကိုယ့်ရဲ့ဖြစ်ကြောင်းကုန်စင်ကို အကုန်ပြောပြခြင်းဟာ မသင့်တော်ဘူးလို့သိရပါတယ်။ တဖြည်းဖြည်းချင်း နှစ်ဦးသားနားလည်မှုယူပြီးမှ ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို ဖော်ပြတာဟာ နှစ်ဦးသားရင်းနှီးမှုကိုပိုမိုရရှိစေတယ်လို့ဆိုပါတယ်။
(၅) ဖုန်းမပြောခြင်း
လူတစ်ယောက်နဲ့တစ်ယောက်နားလည်မှုယူဖို့အတွက် အမြန်ဆုံးနည်းက စကားပြောကြည့်ခြင်းပါပဲ။ သင့်လက်တွဲဖော်ဖြစ်လာမယ့်သူနဲ့ ဖုန်းပြောဆိုဖူးခြင်းမရှိဘဲ မက်ဆေ့ခ်ျများနှင့်သာ အဆက်အသွယ်ပြုလုပ်နေမယ်ဆိုရင်တော့ တစ်ယောက်အကြောင်းတစ်ယောက်သိဖို့ ပိုမိုခက်ခဲပါလိမ့်မယ်။
(၆) တစ်ဖက်လူကိုစကားပြောခွင့်မပေးခြင်း
“ပထမဆုံးဒိတ်မှာပြုလုပ်မိတတ်တဲ့ အကြီးမားဆုံးအမှားကတော့ တစ်ဖက်လူပြောတာကိုနားမထောင်တာပါပဲ” လို့ စိတ်ပညာရှင် တယ်ရီအောဘတ်ခ်ျက ဆိုပါတယ်။ တစ်ဖက်လူကိုစကားပြောခွင့်မပေး၊ သူပြောတာကိုလည်းနားမထောင်ဘဲနဲ့ ကိုယ့်အကြောင်းချည်းသာစွတ်ပြောနေမယ်ဆိုရင်တော့ Single ဘ၀ကိုချက်ချင်းပြန်ရောက်သွားမှာ အသေအချာပါပဲ။
Author – Nyi Min Khant