ရေရှည်တည်တံ့ခိုင်မြဲမယ့် ဆက်ဆံရေးမျိုးကိုရရှိထားပြီလားဆိုတာသိနိုင်မယ့် မေးခွန်း (၁၃)ခု

ရေရှည်တည်တံ့ခိုင်မြဲမယ့် ဆက်ဆံရေးမျိုးကိုရရှိထားပြီလားဆိုတာသိနိုင်မယ့် မေးခွန်း (၁၃)ခု google.com

ကိုယ့်လက်တွဲဖော်နဲ့တည်ဆောက်ထားတဲ့ လက်ရှိအချစ်ရေးဟာ ရေရှည်တည်တံ့ခိုင်မြဲမယ့်အချစ်ရေးမျိုးဖြစ်ပါ့မလားဆိုတဲ့

မေးခွန်းကို ချစ်သူစုံတွဲတိုင်းသိချင်ကြမှာပါ။ မွန်မောက်တက္ကသိုလ်ရဲ့စိတ်ပညာဆိုင်ရာပရော်ဖက်ဆာ ဂယ်ရီဒဗလျူ လီဝန်ဒေါစကီးရဲ့လေ့လာတွေ့ရှိချက်အရ အဆိုပါမေးခွန်းဟာ လူတိုင်းသိချင်ကြတဲ့မေးခွန်းဖြစ်ပေမယ့် တိကျတဲ့အဖြေပြန်ရဖို့တော့ခက်ခဲတယ်လို့သိရပါတယ်။ ဒါ့ကြောင့် လီဝန်ဒေါစကီးက အောက်မှာဖော်ပြထားတဲ့မေးခွန်းတွေကို “Yes” လို့ဖြေနိုင်တဲ့ချစ်သူစုံတွဲတွေက ရေရှည်တည်တံ့ခိုင်မြဲမယ့်အချစ်ရေးမျိုးကို ရရှိထားသူတွေဖြစ်တယ်လို့ သုတေသနလေ့လာတွေ့ရှိချက်များအရ ဖော်ပြခဲ့ပါတယ်။

 

မေးခွန်းတွေကတော့ -

 

(၁) သင့်ရဲ့လက်တွဲဖော်က သင့်ကိုပိုပြီးကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်စေသလား။ သင်ကရော သူ့အတွက် အပြန်အလှန်စွမ်းဆောင်ပေးနိုင်သလား။

(၂) သင်တို့စုံတွဲနှစ်ဦးကြား ခံစားချက်တွေကို ရင်ဖွင့်နိုင်ပြီလား။ တစ်ဦးနဲ့တစ်ဦး နီးစပ်မှုရှိပြီး အပြန်အလှန်မှီခိုအားထားနိုင်ပြီလား။ ကိုယ့်ကိုထားမသွားဘူးလို့ ယုံကြည်ရဲပြီလား။

(၃) နှစ်ဦးစလုံးရဲ့ လက်ရှိဘ၀အခြေအနေဖြစ်တည်မှုကို လက်ခံနိုင်သလား။

(၄) အငြင်းပွားမှုတွေရှိလာတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး လေးလေးစားစားနဲ့ အထင်သေးတဲ့စကားတွေမပြောဘဲ ဖြေရှင်းနိုင်ပြီလား။

(၅) သဘောထားတူညီတဲ့ဆုံးဖြတ်ချက်မျိုးချနိုင်တဲ့ ဆက်ဆံရေးဖြစ်ပြီလား။

(၆) သင့်လက်တွဲဖော်ဟာ သင့်အတွက် ပျော်ရွှင်ရင်းနှီးစွာ စနောက်လို့ရနိုင်တဲ့ သူငယ်ချင်းကောင်းဖြစ်နေပြီလား။

(၇) သင်တို့စုံတွဲကြားမှာ “နင်” “ငါ” ဆိုတဲ့အသုံးအနှုန်းတွေထက် “ငါတို့” ဆိုတဲ့အသုံးအနှုန်းမျိုးကို သုံးပြီး နှစ်ဦးသားထပ်တူကျနေပြီလား။

(၈) သင်တို့နှစ်ဦးကြား ဆိုရှယ်မီဒီယာအကောင့်လျှို့ဝှက်နံပါတ်တွေနဲ့ ဘဏ်အကောင့်လျှို့ဝှက်နံပါတ်တွေကို ဖလှယ်နိုင်တဲ့နားလည်မှုမျိုးရှိနေပြီလား။

(၉) သင်တို့စုံတွဲနှစ်ဦးကြား တစ်ယောက်နဲ့တစ်ယောက် ကောင်းမွန်တဲ့အကြံဥာဏ်တွေပေးနိုင်သလား။

(၁၀) အလွန်အမင်းသ၀န်တိုမှုတွေ၊ ဖောက်ပြန်မှုတွေ မရှိတဲ့ဆက်ဆံရေးမျိုးကို ပိုင်ဆိုင်ထားပြီလား။

(၁၁) သင်နဲ့သင့်လက်တွဲဖော်တို့ဟာ နိုင်ငံရေး၊ လူမျိုးရေး၊ လက်ထပ်ခြင်းရဲ့အရေးပါမှု၊ ကလေးယူ မယူဆုံးဖြတ်ခြင်းနဲ့ မိဘများဖြစ်လာတဲ့အခါကလေးကိုဘယ်လိုထိန်းကျောင်းမလဲ စတဲ့အချက်အလက်များအပေါ်မှာ တူညီတဲ့အမြင်ရှိနေပြီလား။

(၁၂) သင်တို့ချစ်သူနှစ်ဦးဟာ ကိုယ့်ရဲ့ဆန္ဒတွေ၊ ဖြစ်ချင်တဲ့အရာတွေကို ကိုယ့်လက်တွဲဖော်အတွက် စွန့်လွှတ်စတေးနိုင်ပြီလား။

(၁၃) သင်တို့နှစ်ဦးကြား စိတ်ခံစားချက်ခြင်း၊ အမြင်ခြင်း နားလည်မှုပေးနိုင်တဲ့ ဆက်ဆံရေးမျိုးကိုရရှိထားပြီလား။

 

အပေါ်မှာဖော်ပြခဲ့တဲ့ မေးခွန်းတွေအတွက်သင့်ရဲ့အဖြေက “No” ဆိုရင်တော့ သတင်းဆိုးက သင်ဟာ ရေရှည်တည်တံ့ခိုင်မြဲမယ့် ဆက်ဆံရေးမျိုးကို ရရှိထားသူမဟုတ်ဘူးလို့ ပရော်ဖက်ဆာ လီဝန်ဒေါစကီးကဆိုပါတယ်။ ဒီအခြေအနေမျိုးမှာ နှစ်ဦးစလုံးအတွက် ဒီလိုဆက်ဆံရေးမျိုးကိုရှေ့ဆက်သွားမယ့်အစား လမ်းခွဲလိုက်တာက ပိုမိုသင့်တော်တယ်လို့ ပရော်ဖက်ဆာ ကအကြံပြုတင်ပြထားပါတယ်။

 

                                                                                                     Author – Nyi Min Khant

Read times Last modified on Wednesday, 19 September 2018 11:03
Rate this item
(1 Vote)