ဆွဲဆောင်မှုရှိတဲ့ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက် ဖြစ်စေဖို့

ဆွဲဆောင်မှုရှိတဲ့ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက် ဖြစ်စေဖို့ google.com

ဒီအချက်လေးတွေနဲ့ ပြည့်စုံတဲ့ ယောင်္ကျားကို ပိုင်ဆိုင်ထားရတဲ့ အမျိုးသမီးတွေကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး အမျိုးသမီးတွေလို့ပဲ ပြောချင်ပါတယ်နော်။

ဆွဲဆောင်မှုဆိုတဲ့ အမျိုးက ရုပ်ရည်သွင်ပြင်တစ်ခုတည်း ပြည့်စုံရုံနဲ့ ရမည်လို့ ထင်ရင်တော့ မှားသွားပါမယ်။ အိမ်ထောင်ရှင် အမျိုးသား တစ်ယောက်အတွက် ဆိုရင် ပိုလို့တောင် မှားတဲ့ ယူဆချက် တစ်ခုလို့ပြောပါရစေ။ ဆွဲဆောင်မှုရှိဖို့က ဗလတွေ ကြွက်သားအမြှောင်းတွေ ထနေဖို့ မလိုပါဘူး။ ဒီတော့ အောက်က လျှို့ဝှက်ချက်လေး ငါးချက်ကို ဆက်ဖက်လိုက်ရင် နားလည်သွားမှာပါနော့်။

 

ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ အချိန်ပေးပါ

ကိုယ့်မှာ ကလေးရှိလား။ ရှိရင် ကလေးလေးရဲ့ သူ့အချစ်ရဆုံးဖေဖေ ဖြစ်အောင်နေလိုက်ပါတော့။ ကလေးလေးနဲ့ တူတူဆော့ပြီး ပျော်ရွှင်နေတဲ့ အချိန်ဟာ ဇနီးရဲ့ မျက်စိထဲမှာ ဘာနဲ့မှမတူအောင် ဆွဲဆောင်မှုရှိလွန်းနေပါလိမ့်မယ်နော်။ အရမ်းကိုတော်လွန်းတဲ့ ဖခင်တစ်ယောက် ဖြစ်နေဖို့မလိုဘူး။ ကလေးလေး လိုအပ်ချိန်တိုင်းမှာ ဖေဖေရေလို့ တမ်းတလိုက်တိုင်း အဆင်သင့်ဖြစ်နေဖို့ပဲ လိုအပ်တာပါ။

 

အိမ်အလုပ်တွေ တတ်နိုင်တဲ့ဘက် က ဝိုင်းကူပေးပါ

ကိုယ့်မိန်းမရဲ့ အိမ်တာဝန်တွေကို ခွဲဝေပြီး တာဝန်ယူပေးရတာ ငြီးငွေ့စရာ၊ ရှက်စရာမဟုတ်ပါဘူး။ ဂုဏ်ယူစရာပါ။ ချစ်တတ်ခြင်းလို့လည်း ခေါ်ပါတယ်။ တစ်ချို့ မိန်းမတွေဆို အပြင်အလုပ် အချိန်ပြည့်လုပ်ရတဲ့ အပြင် အိမ်အလုပ်ကိုပါ လုပ်ရတဲ့ သူလေးတွေမို့ ပင်ပန်းတာတွေကိုယ်ချင်းစာတတ်ပါစေ။ အင်္ကျီလက်ကို အကျအနတင်ပြီး အိမ်အလုပ်တွေ ဝိုင်းကူပေးတဲ့ ယောင်္ကျားတစ်ယောက်ကို ဘယ်မိန်းမက မချစ်ဘဲနေနိုင်မှာလဲနော်။

 

ချစ်သူဘဝတုန်းက အမူအကျင့်လေးတွေ မပျောက်သွားပါစေနဲ့

ဇနီးနဲ့ ချစ်သူဘဝတုန်းက ချိန်းတွေ့တဲ့ ကြည်နူးစရာ အချိန်လေးတွေ အများကြီးရှိခဲ့တာကို ပြန်သတိရကြည့်လိုက်စမ်းပါ။ ဘယ်လောက် ချစ်ဖို့ကောင်းပြီး ကြည်နူးဖို့ကောင်းလဲနော်။ လက်ထက်ပြီးတော့ အချိန်တွေကြာလာတော့ ချစ်တယ်ဆိုတဲ့ စကားလေးတောင် တစ်နှစ်မှ တစ်ခါ ပြောဖြစ်ရဲ့လား။ ချစ်သူဘဝတုန်းကလို ချစ်တယ်ဆိုတာ လေးတွေ၊ ကိုယ့်ဇနီး လှတယ် ချောတယ် ဆိုတဲ့ ချီးမွမ်းခန်းလေးတွေ ဖွင့်ပေးပါ။ စိတ်ဆိုး စိတ်ကောက်တဲ့ အခါ ချစ်သူဘဝတုန်းကလို ပြန်ချော့ပါ။ သူ ပြေးရင် သင်ကလိုက်ပါ။ ဒီလိုအပြုမှုလေးတွေနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ ယောင်္ကျားကို ယူထားတာ သိပ်ကံကောင်းကြောင်း ချစ်ဇနီးလေးက လိုက်ကြွားနေပါလိမ့်မယ်။

 

အကောင်းဆုံးဆိုတဲ့ အရာတွေကို ဇနီးအတွက် ဖန်တီးပေးပါ

ကိုယ့်အလုပ်အတွက် ဝါဿနာအတွက် မွေးမေမေအတွက် စတဲ့အရာတွေအတွက် အကောင်းဆုံးဆိုတဲ့ ကြိုးစားမှုတွေ လုံလုံလောက်လောက် ပေးခဲ့ပြီးပြီမလား။ အခု ကိုယ့်အတွက် အနားမှာ ကောင်းကောင်းဆိုးဆိုး အတူတူဖြတ်သန်းလာခဲ့တဲ့ ဇနီးသည်အတွက် အကောင်းဆုံး ကာကွယ်မှုတွေပေးပါ၊ အားပေးစကားတွေ ပြောပေးပါ၊ ကူညီမှုတွေပေးပါ။ သူ့စကားတွေ သေချာနားထောင်ပေးပါ။ သီးသန့်အချိန်လေးပေးပါ။ ဒီလိုလုပ်ပေးတဲ့အခါ သူမမျက်စိထဲ သင့်လောက် ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားမျိုး မြင်ဖူးမှာတောင် မဟုတ်ဘူးလို့ ပြောလာပါလိမ့်မယ်။

 

ရိုးသားပွင့်လင်းပါ

မိန်းကလေးဘဲလေ ပျိုပျိုအိုအို စပ်စုချင်တာ သဘာဝပဲ။ ဘာတွေတွေးနေလဲက အစ သူတို့သိချင်ကြတယ်။ သူနဲ့အတူ ကိုယ့်ရဲ့ အတွေးကမ္ဘာထဲ ဆွဲခေါ်လိုက်ပါ။ အဲ့အခါကျ ကိုယ့်ကို ယုံကြည်ပြီး ပိုလို့တောင် ချစ်လာပါလိမ့်မယ်။ ဘာမှဖုံးကွယ်မထားပါနဲ့။ လျှို့ဝှက်ချက်တွေ မထားပါနဲ့။ မိန်းကလေးတိုင်းမှာ ကိုယ်ချစ်ရတဲ့ ချစ်သူအတွက် ဆဌမအာရုံ(အကြားအမြင်) ရှိနေပါတယ်။ ရိုးသားပွင့်လင်းခြင်းဟာ ဇနီးအတွက် ဆွဲဆောင်မှုရှိခြင်း တစ်မျိုးပါပဲ။

ဒီအချက်လေးငါးချက်ဟာ အိမ်ထောင်ရှင်အမျိုးသားတွေ ဘယ်လိုဆွဲဆောင်မှုရှိအောင် နေမလဲဆိုတဲ့ အချက်လေးတွေပါ။

Credit;Marry

Read times Last modified on Wednesday, 19 September 2018 10:34
Rate this item
(1 Vote)