သတို့သမီးလေးတို့ မင်္ဂလာပွဲမှာ သဇင်ပန်းပန်မယ်ဆိုရင်

သတို့သမီးလေးတို့ မင်္ဂလာပွဲမှာ သဇင်ပန်းပန်မယ်ဆိုရင် google.com

မင်္ဂလာဆောင်မှာ ထိုင်မသိမ်းဝတ်စုံဝတ်မယ်ဆိုရင်တော့ ဆံထုံးထုံးဖို့လည်းလိုအပ်လာပါပြီနော်။

ဒီလိုမျိုး ဆံထုံးထုံးတဲ့အခါမှာပန်မယ့် ပန်းအမျိုးအစားကိုလည်း ကြိုတင်ရွေးချယ်ထားရမှာပါ။ သတို့သမီးလေးတွေ ရွေးချယ်ကြတဲ့ ပန်းအမျိုးအစားကတော့ များပါတယ်။ ဒီထဲမှာမှရွေးချယ်တာ အများဆုံးကတော့သဇင်ပန်းပေါ့။ သဇင်ပန်းက တော်ဝင်ပန်း၊ ပင်ယံထက်မှာ ပွင့်တဲ့ပန်း အစရှိသလို သူ့ရဲ့ အလှကိုလည်း တင်စားကြတယ်မလား။ ဒီလိုမျိုး စာဆိုတွေနဲ့ ကျော်ကြားတဲ့ သဇင်ပန်းကို မင်္ဂလာပွဲမှာ သတို့သမီးလေးတို့ ပန်မယ်ဆိုရင်တော့ သိထားသင့်တာတွေရှိပါတယ်။

 

သဇင်ပန်းရဲ့ကုန်ကျစရိတ်

သတို့သမီးလောင်းလေးတို့ရေ သဇင်ပန်းဟာ ဈေးကြီးတယ်လို့တောင် ပြောလို့ရပါတယ်။ သဇင်ပန်း တခက်ကို အသေးဆိုရင်(၄၀၀၀ကျပ်) ကနေ ခေါင်ခက်ဆိုရင် (၈၀၀၀) (၁၀၀၀၀) ဝန်းကျင်တောင် ရှိပါတယ်။ သဇင်ပန်းအခက်ဆိုတာကလည် အခက်ရေ များများပန်မှ ခေါင်းမှာ ဝေဝေဆာဆာနဲ့ လှလှပပရှိမှာမို့ သတို့သမီးလေး တစ်ဦးစာတည်းနဲ့တင် သိန်းနဲ့ချီပြီးကုန်ကျနိုင်ပါတယ်။

 

ဘယ်လောက်ဝယ်ရမလဲ

သဇင်ပန်းဆိုတာက ကြိုမှာရတာဆိုတော့ အခက်အရေအတွက်က အစ ကြိုတင်ပြီး တွက်ချက်ဖို့လိုပါတယ်နော်။ ပိုတာ၊ လိုတာ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ သဇင်ပန်း အခက်အရေအတွက်ကလည်း ဆံထုံးပေါ် မူတည်တာဆိုတော့ ဆံထုံး ထုံးပေးမယ့်သူဆီအရင်ဆုံးမေးမြန်းပါ။ သဇင်ပန်းလေးပန်ချင်တယ်၊ ဘယ်ဆံထုံးလေးနဲ့ဆို ဘယ်လောက်ဝယ်ရမလဲ၊ အခက်အရေအတွက်လေးပါ မေးပါနော်။ တချို့က ဆံထုံးဘေးဘက်တင်မကဘဲ အနောက်ဘက် အပြည့်ပါ ပန်ဆင်ကြလို့ပါ။ ဆံထုံးပုံစံရွေးပြီးမှ အခက်အရေအတွက်မှာပါ။

 

သဇင်ပန်းရှာရင်

သတို့သမီးလေးတို့ သဇင်ပန်း ပန်မယ်ဆိုရင် ကြိုတင်ပြီးတော့ သဇင်ပန်းခြံတွေကို ချိတ်ထားရမှာဖြစ်ပါတယ်။ သဇင်ပန်းတွေက လွယ်လွယ်ကူကူ မရနိုင်ဘူးလေနော်။ ကြိုချိတ်တဲ့အခါမှာလည်း သဇင်ပေါ်တဲ့ ရာသီချိန် ရှိပါတယ်။ ကိုယ်မင်္ဂလာဆောင်တဲ့ရက်မှာ သဇင်ရနိုင်သေးလား အရင်စုံစမ်းပါ။ ပြီးရင် သဇင်ခြံကို ဘယ်နှစ်ခက် ရနိုင်မလဲ မေးပါ။ အဲဒီမှာမှ ခေါင်ခက်၊ အခက်သေး ဘယ်လောက်ရနိုင်မလဲမေးပါ။ ကိုယ်လိုချင်တဲ့အရေအတွက်အတိုင်း တစ်ခြံထဲကနေ ရနိုင်မလားဆိုတာ စဉ်းစားပါနော်။

 

သတိပြုရမယ့်အချက်

သဇင်ပန်းမှာတဲ့အခါမှာ ခန်းမနဲ့ သဇင်ခြံရဲ့ အကွာအဝေးကိုလည်း စဉ်းစားရပါမယ်နော်။ သဇင်ပန်းက ကြိုခူးထားရတာ ဖြစ်ပြီး ဖက်လေးတွေနဲ့ သေချာ ထုပ်ပိုးထားရတာ ဖြစ်လို့ ပန်းတွေ လတ်လတ်ဆတ်ဆတ်ဖြစ်ဖို့ ခရီးအကွာအဝေး နီးလေ ကောင်းလေပါ။ အခက်တွေမှာတဲ့အခါ ပေတံနဲ့တိုင်းပြီး ဘယ်နှစ်လက်မဆိုတာ သေချာမှတ်ထားပါနော်။ ကိုယ်က ဘယ်နှစ်လက်မက အခက်အရေဘယ်လောက် ဆိုပြီး မှာယူထားပေမယ့် လက်မ မမှန်ဘဲ ရောပြီး ပါလာတာတွေ ရှိပါတယ်။ ဒီလိုဆိုရင် ပန်တဲ့အခါ ဘယ်လိုမှ မလှနိုင်သလို ပွဲနေ့ကျမှ မှာယူလို့လည်း မရတော့ပါဘူး။ ဒီတော့ ပန်းရဲ့လက်မ အတိအကျ၊ အခက်အရေအတွက်ကို သေချာမှာပါ။

 

မင်္ဂလာပွဲမှာ သဇင်ပန်းပန်မယ်လို့တွေးထားတဲ့ သတို့သမီးလေးတို့ရေ မှာယူရမယ့် အရေအတွက်၊ ကုန်ကျစရိတ်နဲ့ သတိပြုရမယ့်အချက်တွေသိပြီးပြီဆိုတော့ အလှဆုံးသတို့သမီးလေးတွေဖြစ်ကြပါစေနော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Friday, 05 April 2019 12:49
Rate this item
(1 Vote)