တောင်တက်ချင်တဲ့ မင်္ဂလာဦးဇနီးမောင်နှံတွေဘာတွေသိထားသင့်လဲ

တောင်တက်ချင်တဲ့ မင်္ဂလာဦးဇနီးမောင်နှံတွေဘာတွေသိထားသင့်လဲ google.com

ဟန်းနီးမွန်းကို ကမ်းခြေလိုမျိုး နေရာတွေမသွားဘဲ Adventure ပုံစံစွန့်စွန့်စားစား တစ်ယောက်လက်တစ်ယောက်တွဲလို့ အတူတကွလုပ်ဆောင်ချင်တယ်ဆိုရင်တော့

တောင်တက်တဲ့ဟန်းနီးမွန်းလေး ရွေးချယ်လို့ရပါတယ်။ ဒီလိုမျိုး ဟန်းနီးမွန်းကို ရွေးထားမယ်ဆိုရင်တော့ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

 

ရာသီဥတု

ဟန်းနီးမွန်းထွက်တဲ့အခါမှာ ရာသီဥတုကိုအဓိကဦးစားပေးပြီး သတိထားရမယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ဘယ်လိုခရီးစဉ်မျိုးမဆို ရာသီဥတုအခြေအနေကိုကြည့်ရပါမယ်။ တောင်တက်မယ်ဆိုရင်ပိုပြီးတော့ သတိထားရပါမယ်။ တခြားဘယ်သူမှမရှိဘဲ နှစ်ယောက်တည်းအဆင်မပြေမှာစိုးရိမ်ရတာကြောင့်ပါ။

 

အရမ်းမြင့်တာတွေမတက်ပါနဲ့

တောင်တက်တဲ့အခါ ဘယ်တောင်ကိုဘယ်နှစ်ရက်တက်မယ်ဆိုတာကြိုတင်ပြင်ဆင်ရမှာပါ။ ဒီလိုအချိန်မှာ အရမ်းမြင့်အောင်တက်ရမယ့်တောင်တွေမရွေးမိဖို့ လိုပါတယ်။ ဟန်းနီးမွန်းခရီးစဉ်ဆိုတာ ထည့်စဉ်းစားရမှာပါ။ ဒီတော့မြင့်ရင် အရမ်းပင်ပန်းပြီး ဟန်းနီးမွန်းမှာမပျော်ရမှာစိုးရပါတယ်။ ကြင်စဦးဇနီးမောင်နှံလေးတွေဖြစ်တာကြောင့် ဘယ်လောက်အကွာအဝေးတက်နိုင်တယ်ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ဖေးမကူညီသလဲဆိုတာပဲ တွေးရမှာပါနော်။ နေ့ချင်းပြန်လို့ရတဲ့တောင်လေးဆိုရင်ပိုကောင်းပါတယ်။

 

အထုပ်အပိုးပြင်ဆင်ခြင်း

တောင်တက်ဖို့အတွက်ပြင်ဆင်တဲ့အခါမှာ တခြားခရီးစဉ်တွေထက် ပိုပြီးတော့ပြင်ဆင်ရမှာပါ။ နှစ်ယောက်အတူတူ ပစ္စည်းတွေစီစဉ်ပြီး ထည့်ပါ။ တစ်ယောက်တည်းကိုပဲ အကုန်လုံးကြည့်စီစဉ်လိုက်ဆိုတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက ဟန်းနီးမွန်းပျော်ရွှင်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့်ပါ။

 

လေ့ကျင့်ခန်း

တောင်တက်နေကျသူဆိုရင် သိပ်ကိစ္စမရှိပေမယ့် အလေ့အထမရှိဘူးဆိုရင်တော့ ခံနိုင်ရည်ရှိဖို့လေ့ကျင့်ခန်းလေးတွေ ကြိုတင်ပြီးလုပ်ဆောင်ဖို့လိုပါတယ်။ ကြွက်သားတွေနာကျင်နိုင်တာမို့ ပင်ပန်းတဲ့ဒဏ်တွေခံနိုင်အောင်လည်း လေ့ကျင့်ရပါမယ်။ နေ့တိုင်းအိမ်ကိုလမ်းလျှောက်ပြန်တာမျိုးလေးတွေပေါ့။

 

နားမယ့်ရက်

ဒီအချက်ကအရေးကြီးပါတယ်။ တောင်တက်တဲ့အခါမှာပင်ပန်းတာကြောင့် သေသေချာချာလေးအနားယူဖို့အချိန်လိုပါတယ်။ ဘယ်နှစ်ရက်လောက်နားမယ်ဆိုတာ ကြိုတင်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ တောင်တက်လို့ ပြန်ပြန်လာချင်း အလုပ်ခွင်ဝင်တာမျိုးအထူးရှောင်ရပါမယ်နော်။ ဒါမှပျော်ရွှင်စရာ အမှတ်ရစရာကောင်းတဲ့ပျားရည်ဆမ်းလေးဖြစ်မှာပါ။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Friday, 01 March 2019 15:55
Rate this item
(0 votes)