မင်္ဂလာဆောင်ဖို့ခန်းမရွေးတဲ့အခါ ဟိုတယ်နဲ့ဘုန်းကြီးကျောင်းဘာတွေကွာလဲ

မင်္ဂလာဆောင်ဖို့ခန်းမရွေးတဲ့အခါ ဟိုတယ်နဲ့ဘုန်းကြီးကျောင်းဘာတွေကွာလဲ google

မင်္ဂလာဆောင်ကျင်းပဖို့အတွက် ခန်းမစဉ်းစားတဲ့အခါ ဘုန်းကြီးကျောင်းကခန်းမတွေမှာပဲဆောင်မလား၊ ဟိုတယ်မှာပဲဆောင်မလားဆိုတာတွေးရမယ့်အချက်ပါ။

တစ်ခုချင်းဆီမှာ စုံတွဲလေးတို့ ကြိုက်တဲ့အားသာချက်၊ အားနည်းချက်တွေရှိနေမှာပါ။ မင်္ဂလာဆောင်ပွဲအတွက်ကျင်းပတဲ့အခါမှာ ခန်းမရွေးရတာ အဆင်ပြေအောင်ပြောပြပေးပါ့မယ်။

 

ကုန်ကျစရိတ်

ဒါကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဘုန်းကြီးကျောင်းမှာဆိုရင် ကုန်ကျစရိတ်ကပိုပြီးနည်းနိုင်ပါတယ်။ ဟိုတယ်မှာကတော့ သူတို့သတ်မှတ်ထားတဲ့ နှုန်းထားတွေအတိုင်းပေးဆောင်ရပြီး လိုတိုးပိုလျှော့လုပ်လို့မရတာမို့ ကုန်ကျစရိတ် ပိုပြီးတော့များနိုင်ပါတယ်။ ဒီတော့ကုန်ကျစရိတ်ချွေတာချင်တယ်ဆိုရင်တော့ ဘုန်းကြီးကျောင်းကခန်းမတွေကိုပဲရွေးချယ်ပါ။

 

အကျွေးအမွေး

ဘုန်းကြီးကျောင်းမှာဆိုရင် အကျွေးအမွေးက ကိုယ်တိုင်စီစဉ်လို့ရတာများပါတယ်။ ကိုယ့်စိတ်တိုင်းကျ အစားအသောက်ကိုစီစဉ်လို့ရပါမယ်၊ ကိုယ်ကြိုက်တဲ့ဆိုင်ကနေမှာယူတာမျိုးလုပ်လို့ရပါတယ်။ ဟိုတယ်ဆိုရင်တော့ သူတို့ရဲ့ package အတိုင်းပဲမှာယူရမှာပါ။ တချို့ဟိုတယ်တွေမှာတော့ အမြည်းစမ်းစားခွင့်ရှိပြီး တချို့ဟိုတယ်တွေမှာတော့ မရှိပါဘူး။ အကျွေးအမွေးကို စိတ်တိုင်းကျစီစဉ်ပြီး ဧည့်သည်တွေဗိုက်ပြည့်တဲ့ အစားအစာတွေ ကျွေးမွေးမယ်ဆိုရင်တော့ ဘုန်းကြီးကျောင်းမှာပဲ စီစဉ်ပါ။

 

ပန်းအပြင်အဆင်

ဘုန်းကြီးကျောင်းမှာဆိုရင်တော့ ပန်းအပြင်အဆင်က ဟိုတယ်လောက်များစရာမလိုပါဘူး။ ပေါ့ပေါ့ပါးပါးလေး လုပ်ရင်လည်းရနိုင်ပါတယ်။ ဟိုတယ်ဆိုရင်တော့ ခန်းမကျယ်ရင် ကျယ်သလောက် ပန်းအပြင်အဆင်ကို များများထည့်လို့ရပါတယ်။ ပန်းတွေအများကြီးသုံးမယ်၊ အဲ့ဒီလိုမှကြိုက်တယ်ဆိုရင်တော့ ဟိုတယ်မှာ ဆောင်တာပိုပြီးအဆင်ပြေပါတယ်။ ဘုန်းကြီးကျောင်းခန်းမတွေမှာက ပန်းအပြင်အဆင် အများကြီး ပြင်ဆင်ဖို့ နေရာလည်း ကျယ်ကျယ်ဝန်းဝန်းမရှိတာများပါတယ်။

 

တေးဂီတ

ဘုန်းကြီးကျောင်းတွေထဲမှာမှ သီချင်းဖွင့်လို့ရတာရှိသလိုဖွင့်လို့မရတာလည်းရှိပါတယ်။ ဟိုတယ်တွေမှာတော့သီချင်း၊ အခါတော်ပေးကြိုက်သလိုစီစဉ်လို့ရပါတယ်။ ဘုန်းကြီးကျောင်းမှာဆိုရင် တေးဂီတအတွက် သူတို့သတ်မှတ်ထားတဲ့အတိုင်းဆောင်ရွက်ရမှာပါ။ ပေါ့ပေါ့ပါးပါးပဲတွေးထားတယ်ဆိုရင်တော့ ဘုန်းကြီးကျောင်းမှာအဆင်ပြေပါတယ်။

 

လူဦးရေ

ဘုန်းကြီးကျောင်းမှာဆိုရင်တော့ဆံ့နိုင်တဲ့လူဦးရေက ဟိုတယ်ထက်နည်းပါတယ်။ ကိုယ်ကလူဦးရေနည်းပြီးဘုန်းကြီးကျောင်းမှာပဲဆောင်မယ်ဆိုရင် အခမ်းအနားကစည်ကားသလိုဖြစ်နိုင်ပြီး ဟိုတယ်မှာကိုယ်ဖိတ်တဲ့ဦးရေကနည်းရင် ပွဲက အရမ်းမလှနိုင်ပါဘူး။ နည်းနည်းကျဲနိုင်ပါတယ်။

 

ဝန်ဆောင်မှုတွေ

ဘုန်းကြီးကျောင်းမှာတော့ ဧည့်ခံပေးမယ့်သူသပ်သပ်စီစဉ်ရတာမျိုးရှိသလို အဲဒီ့အတွက်လည်းဝန်ဆောင်ခသပ်သပ်ထပ်ပေးရတာမျိုးရှိပါတယ်။ ဘုန်းကြီးကျောင်းမှာတော့ အစအဆုံး သေချာလေး ကိုယ်က စီစဉ်ရမှာပါ။ ဟိုတယ်မှာဆိုရင်တော့ သူတို့ကိုအပ်လိုက်ရုံပဲ၊ ကိုယ်ကအသေးစိတ် အစအဆုံးစီစဉ်စရာမလိုပါဘူး။ ဟိုတယ်တွေမှာဆိုရင်တော့ ဓါတ်ပုံနဲ့ ဗီဒီယိုကို ကိုယ်စိတ်ကြိုက်ရွေးလို့ရပေမယ့် တချို့ဘုန်းကြီးကျောင်းတွေမှာတော့ သူတို့စီစဉ်ပေးတာပဲ ယူရမှာပါ။

 

မင်္ဂလာဦးဆွမ်းကပ်တာမျိုးလုပ်ချင်တာဆိုရင်တော့ ဘုန်းကြီးကျောင်းမှာမှအဆင်ပြေမှာပါ။ ဟိုတယ်ကတော့ လူငယ်ပုံစံအကုန်လုံးစီစဉ်လို့ ရပါတယ်။ ပွဲထွက်မယ်ဆိုရင်လည်း ပုဝါကိုရှည်နိုင်သမျှရှည်တာမျိုး ဝတ်လို့ရပါတယ်။ ဘုန်းကြီးကျောင်းမှာဆိုအဆင်မပြေနိုင်ပါဘူး။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Thursday, 21 February 2019 17:38
Rate this item
(0 votes)