ငွေကုန်ကြေးကျသက်သာစေမယ့် ချိန်းတွေ့နည်းလေးများ

ငွေကုန်ကြေးကျသက်သာစေမယ့် ချိန်းတွေ့နည်းလေးများ google.com

ချစ်သူလေးတော့ထားချင်ပါရဲ့ ပိုက်ဆံမရှိလို့၊ သူလေးနဲ့တော့လျှောက်လည်ချင်ပါရဲ့ ဘိုင်ပြတ်နေလို့ဆိုတဲ့ အသံတွေကို ကောင်လေးတွေဆီကနေအများဆုံးကြားရပါတယ်။

တချို့စုံတွဲတွေဟာ ချိန်းတွေ့လျှောက်လည်တဲ့အခါ သူတစ်ဝက်ရှင်း ကိုယ်တစ်ဝက်ရှင်းဆိုတဲ့သဘောတူညီချက်တွေရှိကြပေမယ့် တချို့ကောင်လေးတွေကျတော့လည်း ကိုယ်ပဲအကုန်အကျခံမယ်ဆိုတာမျိုးရှိပြန်ရော။ တကယ်တော့ ချစ်သူနှစ်ဦးတွေ့ဆုံတယ် ပျော်စရာအချိန်တွေကို အတူဖြတ်သန်းတယ်ဆိုတာ ငွေကြေးပြည့်စုံနေမှဆိုတာမျိုး မဟုတ်ပါဘူး။

တခါတလေ နှစ်ယောက်ပေါင်း တစ်သောင်းလောက်နဲ့ပျော်စရာအချိန်တွေကိုဖြတ်သန်းလို့ရပါတယ်။ ဈေးကြီးတဲ့စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ Shopping Center တွေအစား ဒါလေးတွေကိုရွေးချယ်နိုင်ပါတယ်။

 

 

ရထားစီးမယ်

 

တစ်ခါတလေ မြို့ပတ်ရထားကြီးကို လက်ယာရစ် လက်ဝဲရစ် တစ်ပတ်စီ စီးကြည့်ပါလား။ တချို့ဘူတာရုံတွေက သာသာယာယာရှိပြီး တချို့ဘူတာတွေမှာကျ တချို့တွေရဲ့လူနေမှုဘဝတွေကို မြင်နိုင်တယ်လေ။ ရထားပေါ်မှာ ရောင်းတဲ့ဈေးသည်တွေဆီကလည်း မုန့်မျိုးစုံ ဝယ်စားလို့ရသေးတယ်။ အေးအေးဆေးဆေး သာသာယာယာကော်ဖီလေးသောက် စကားတွတ်ထိုးရင်း မြို့တစ်ပတ်စီးနိုင်ပါတယ်။ ခုနောက်ပိုင်းအဲကွန်း ရထားတွေက ဖိုက်ဘာခုံတွေနဲ့မို့ ကြမ်းပိုးဒဏ်တော့ နည်းနည်းသက်သာပါတယ်။ သစ်သားခုံတွေမှာထိုင်ရင် ကြမ်းပိုးရန်ကိုတော့ နည်းနည်းလေး သတိထားပေါ့။ တော်ကြာ ချစ်သူကိုပြုံးသာပြနေရတယ် အောက်ကကြမ်းပိုးထိုးလို့ အီလည်လည်ကြီးဖြစ်နေပါဦးမယ်။

 

 

ဘုရားသွားမယ်

 

ဘုရားသွားပြီး ဘုရားပေါ်မှာ တစ်နေကုန်အချိန်ဖြုန်းလို့လည်းရပါတယ်။ ဘုရားလာတဲ့သူတွေကိုတော့ အနှောက်အယှက်မဖြစ်စေနဲ့ပေါ့နော်။ ဘုရားရိပ်မှာ အေးအေးလေးနေပြီး ရှေ့ဆက်မယ့် ဘဝအကြောင်းတွေ၊ ကိုယ့်ခံယူချက် သူ့ခံယူချက်တွေကို ဆွေးနွေးတိုင်ပင်ကြပါ။ ဒါဟာလည်း တစ်မျိုးကြည်နူးစရာကောင်းသလို နှစ်ယောက်သားလျှောက်မယ့်ဘဝခရီးအတွက် လေးနက်တဲ့ဆုံးဖြတ်ချက်တွေလည်း ချဖြစ်သွားပါလိမ့်မယ်။

 

 

YBS တစ်ပတ်စီးမယ်

 

YBS ပေါ်မှာက အဲကွန်းအေးအေးလေးနဲ့ ထိုင်ခုံကလည်းထိုင်လို့ကောင်းတယ်ဆိုတော့ ရုံးချိန်လွတ်တဲ့အချိန်မျိုးမှာ YBS ကိုခရီးစဉ် စဆုံးစီးကြည့်ပါ။ လူအများနဲ့ဆိုင်တဲ့ယာဉ်ဆိုတော့ အမြင်မတော်တာတွေတော့ မလုပ်နဲ့ပေါ့လေ။ မုန့်လေးစား စကားလေးတွတ်ထိုးပြီး မှတ်တိုင်ကလူတွေနဲ့ လမ်းပေါ်ကလူတွေကို ကြည့်ရင်းဒေသန္တရဗဟုသုတတွေရနိုင်ပါတယ်။ နောက်ဆုံးခုံမှာထိုင်ရင် ပိုပြီးတော့ အဆင်ပြေပါတယ်။ ကိုယ့်လည်း သူများတွေ လှည့်မကြည့်နိုင်တော့ဘူးလေ။

 

 

ပန်းခြံထဲ Picnic ထွက်မယ်

 

ကန်တော်ကြီးသစ်တောဥယျာဉ်၊ သိဂုတ္တရပန်းခြံ ၊ တိုင်းရင်းသားကျေးရွာ လိုနေရာမျိုးတွေမှာ ချိန်းတွေ့ပါ။ အစားအသောက်ဖိုးကုန်မှာစိုးရင် အိမ်ကနေ ထမင်း ဟင်းနဲ့ မုန့်တွေယူသွားပြီးအတူစားလို့ရပါတယ်။ အပင်ကြီးကြီးအောက်မှာ ခေါက်ဖျာလေးခင်းပြီး စာအုပ်ဖတ် ပြန်ဆွေးနွေး၊ စကားတွေပြော၊ ကော်ဖီ၊ လက်ဖက်ရည်လေး သောက်ပြီး အေးအေးဆေးဆေးဖြတ်သန်းကြည့်ပါ။

 

 

ပရဟိတအတူလုပ်မယ်

 

ပရဟိတအတူသွားလုပ်တာက ကုသိုလ်လည်းရ တန်ဖိုးရှိတဲ့အမှတ်တရတွေလည်းကျန်နေစေမယ့် တွေ့ဆုံနည်းတစ်ခုပါ။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေလည်း တွေ့ရမယ် ကျေနပ်ပီတိလည်းခံစားရမယ် နှစ်ဦးလုံးအတွက် ကျေနပ်စရာ Memory လေးတစ်ခုအဖြစ်လည်း ကျန်နေစေမှာမို့ ဒီနည်းကိုလည်းရွေးချယ်နိုင်ပါတယ်။

 

 

သူငယ်ချင်းအိမ်မှာတွေ့မယ်

 

ဘော်ဒါတစ်ယောက်ယောက်အိမ်မှာ တခြားသူငယ်ချင်းတွေပါစုပြီး ထမင်းဟင်းအတူချက်စားတာ ဂိမ်းဆော့တာမျိုးက Relax လည်းဖြစ်သလို ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။

ဆယ်ကျော်သက်ဘဝကပျော်ရွှင်မှုမျိုးနဲ့ ကြည်နူးစရာအမှတ်တရတွေကို ပြန်လည်ရယူပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

 

 

ရေကူးမယ်

 

နှစ်ယောက်လုံးရေကူးတတ်တယ်ဆိုရင် ရေသွားကူးကြပါ။ ဖီလင်တစ်မျိုးနဲ့ ကြည်နူးပျော်ရွှင်ရမှာပါ။ ကိုယ့်ချစ်သူက ရေကူးသိပ်မကျွမ်းသေးဘူးဆိုရင် သူ့ကိုလည်း သင်ပေးလို့ရတာပေါ့။ ဒီတော့ အရည်အချင်းတွေတက်ပြီး နောက်ပိုင်း ကော့သောင်းတို့ ဂေါ်ရင်ဂျီတို့သွားရင် အတူ Snorkelling လုပ်လို့ရတယ်လေ။ ရေအောက်ကမ္ဘာကို အတူလက်တွဲခံစားချင်ရင်တော့ ရေကူးအတူသင်ထားသင့်တယ်နော်။

 

Credit;Akhayar

Read times Last modified on Tuesday, 18 September 2018 16:07
Rate this item
(1 Vote)