ဘာကြောင့် အိမ်ထောင် မပြုကြသလဲ

ဘာကြောင့် အိမ်ထောင် မပြုကြသလဲ google.com

အရွယ်လွန်သည်အထိ တစ်ကိုယ်တည်း ဘဝကိုဖြတ်သန်းကြတဲ့ အမျိုးသားနဲ့အမျိုးသမီးတွေ ပတ်ဝန်းကျင်မှာအတွေ့များလာတယ်လို့ မြင်မိပါတယ်။

 

 

အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းအေးအေးလူလူ ဖြတ်သန်းနေရခြင်းတွေအတွက်အကြောင်းရင်းမျိုးစုံရှိနေမှာပါ။

 

လွန်ခဲ့တဲ့သုံးလေးလက အစာအိမ်အနာကြောင့် စားဖိုမူးအလုပ်ကနေ ခေတ္တအနားယူနေတဲ့ ကိုဖြိုးဝေဦးဟာ အသက် ၄၀ အရွယ် လူပျိုကြီးဖြစ်ပါတယ်။ သူဆယ်ကျော်သက်အရွယ်ကအသက်၂၅ နှစ်ရောက်ရင် အိမ်ထောင်ပြုမယ်လို့စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့အဲဒီခေတ်က နိုင်ငံရေးအခြေအနေကြောင့် ကျောင်းတွေ ခဏခဏပိတ်တော့ ကျောင်းပြီးတာလည်းနောက်ကျတယ်။ အသက် ၂၅ နှစ်အရွယ်ရောက်တော့လည်း အဘက်ဘက်က မပြည့်စုံသေးတဲ့အနေအထားဖြစ်နေတဲ့အတွက် အိမ်ထောင်ပြုရမယ်လို့ မြန်မာနိုင်ငံမှာ သတ်မှတ်လေ့ရှိကြတဲ့အရွယ်ကောင်းမှာ အိမ်ထောင်မပြုဖြစ်ခဲ့ပါဘူး။

 

"ကျွန်တော့်တစ်ယောက်တည်းရဲ့ခံယူချက်က အိမ်ထောင်ပြုပြီး ချက်ချင်းလူ့လောကထဲဆွဲသွင်းခံရမယ့် ကလေးအတွက် ပညာရေး၊ ကျန်းမာရေးကအစ အဘက်ဘက်က ပြည့်စုံအောင်ထားချင်တာပါ။ အဲဒီလိုဘက်စုံပြည့်စုံအောင်မထားနိုင်သရွေ့ငါမယူသေးဘူးဆိုပြီး နေလာရာကနေ အသက် ၃၀ ကျော်လာတယ်"လို့ သူချစ်တဲ့မိဘနှစ်ဦးနဲ့ မောင်နှမတွေကိုအလုပ်ကျွေးပြုရင်း တစ်ကိုယ်တည်းရပ်တည်နေတဲ့ကိုဖြိုးဝေဦးက ပြောပါတယ်။သူ့ပတ်ဝန်းကျင်မှာ လူ ၁၀ ယောက်အိမ်ထောင်ပြုရင် ခုနစ်ယောက်လောက်ကအဆင်မပြေတာကို တွေ့နေရတာကလည်း သူ့ကိုအိမ်ထောင်မပြုဖြစ်ဖို့တွန်းအားတစ်ခု ဖြစ်နေပါတယ်။

 

"လူတိုင်းလူတိုင်းလည်း ဆယ်ကျော်သက်ဘဝမှာဘယ်အချိန်ကျရင် အိမ်ထောင်ပြုမယ်ဆိုပြီးစဉ်းစားခဲ့ဖူးတာရှိမှာပါ။ ဒါပေမဲ့လည်းအိမ်ထောင်ပြုတဲ့အရွယ်ရောက်တော့ ဘဝကိုရုန်းရင်းကန်ရင်းနဲ့ ကျွန်တော့်လိုပဲ အခြေအနေအမျိုးမျိုးကြောင့် မယူဖြစ်ကြတော့တာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ပြန်စဉ်းစားကြည့်တယ်။ ငါဘာလို့အပူရှာတော့မှာလဲပေါ့။ ဒါကြောင့်လည်း အိမ်ထောင်မပြုဖြစ်တော့တာပါ"လို့ သူက ပြောပါတယ်။

 

JobNet.com.mm က Vice President of Sale အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ မဇင်မာဟာအသက် ၄၁ နှစ်အရွယ်အပျိုကြီးတစ်ဦး ဖြစ်ပါတယ်။ သူဟာဘဝကို တစ်ကိုယ်တည်းအပျိုကြီးအဖြစ်ပဲ နေသွားတော့မယ်လို့ ဆုံးဖြတ်ထားပြီးသူပါ။ အိမ်ထောင်ပြုခြင်းပေါ်သူ့အမြင်ကတော့ မြန်မာအမျိုးသမီးတစ်ယောက်အတွက် အိမ်ထောင်ပြုခြင်းဆိုတာ ခက်ခဲနက်နဲတဲ့ကိစ္စဖြစ်ပြီး တော်တော်သတ္တိရှိတဲ့လူတွေပဲ လုပ်နိုင်ကြတာမျိုးလို့ဆိုပါတယ်။

 

"အစ်မအမြင်ပြောရရင် ဒီခေတ်နောက်ပိုင်းမှာဆို အိမ်ထောင်ပြုတာဟာ ဘဝအတွက် တကယ် risk ဖြစ်လာတယ်။ အိမ်ထောင်ကျပြီး ကောင်းသွားတာလည်းရှိသလို အိမ်ထောင်ကျပြီးမှ ဒုက္ခတွေကြုံရတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုဖို့ကို တော်တော်များများကစဉ်းစားလာကြတယ်။ အစ်မအနေနဲ့ဆိုရင် အိမ်ထောင်ပြုတဲ့သူတွေဟာ တကယ်ပေးဆပ်နိုင်တဲ့သူတွေ၊ စွန့်စားနိုင်တဲ့သူတွေလို့ မြင်ပါတယ်"လို့ မဇင်မာက ပြောပါတယ်။

 

အိမ်ထောင်ပြုတဲ့အခါမှာကိုယ့်ဘက်က အယူချည်းပဲမဟုတ်ဘဲ ကိုယ့်ဘက်ကလည်းပေးဆပ်ရပါတယ်။ ခေတ်ကသာပြောင်းလာပေမဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့အိမ်ထောင်ကျပြီးရင် အနည်းနဲ့အများတော့ အိမ်ထောင်မှုကိစ္စတွေ လုပ်ဆောင်ရပါတယ်။ ဒါတွေကိုလုပ်နိုင်တဲ့၊ တကယ်ကိုပေးဆပ်နိုင်တဲ့ အမျိုးသမီးတွေကတော့အိမ်ထောင်ပြုကြတယ်လို့သူ့ရဲ့အမြင်ကိုပြောပြပါတယ်။

 

"အိမ်ထောင်ရေးဆိုတာ ပျော်စရာလည်း ကောင်းတယ်။ အဓိပ္ပာယ်လည်း ရှိတယ်။ တကယ်လည်း ကိုယ့်ရဲ့ဘဝကိုပိုပြီးတော့ ပြောင်းလွယ်ပြင်လွယ်လုပ်နိုင်တဲ့လူတွေက အိမ်ထောင်ပြုကြတယ်လို့ထင်ပါတယ်"လို့ သူကပြောပါတယ်။

"အသက် ၂၀ နဲ့ ၃၀ ကြားမှာဘဝအတွက်ဖွံ့ဖြိုးတိုးတက်ချင်တဲ့အမြင်ရှိသွားတယ်။ အချိန်ကိုရင်းနှီးမြှုပ်နှံနေရမှာဆိုတော့ ကိုယ့်အချိန်တွေကို ဒါတွေအတွက်မပေးနိုင်ဘူး။ ဒီနေ့ဒီအချိန်မှာ ဒီရာထူးမျိုးနဲ့အလုပ်လုပ်ဖို့ဆိုတာအစ်မတို့အများကြီး ကြိုးစားခဲ့ရတယ်။ နောက်ပြီးတော့ သတ္တိမရှိတာလည်းပါတယ်။ မကောင်းတဲ့ယောကျာ်းကို ရခဲ့ရင်ဆိုတဲ့ စိုးရိမ်ပူပန်မှုပေါ့" လို့ အိမ်ထောင်မပြုဖြစ်တဲ့အကြောင်းကိုလည်း ပြောပြပါတယ်။

 

"ဘဝမှာ တစ်ယောက်တည်းမရပ်တည်ချင်တဲ့လူ၊ တစ်ယောက်ယောက်ကို မှီခိုချင်တဲ့လူ၊ တစ်ဦးတစ်ယောက်ကို အမြဲတမ်းလိုနေတဲ့ လူတွေရှိပါတယ်။ ဒီလိုလူမျိုးဆိုရင်တော့ အိမ်ထောင်ပြုသင့်တယ်။ ဒါမှမဟုတ် သူသည် အရမ်းကြီး ဒါကိုစိတ်ပါဝင်စားတဲ့လူမဟုတ်ဘူး။ သူတစ်ယောက်တည်းအနေနဲ့လည်း ရပ်တည်နိုင်တယ်။ တစ်စုံတစ်ယောက်ကိုသူ့ရဲ့ဘဝအတွက် မလိုအပ်ဘူးဆိုရင်တော့ မယူနဲ့ပေါ့လို့ အကြံပေးလေ့ရှိတယ်"လို့ မဇင်မာက ပြောပါတယ်။သူ့ရဲ့ပတ်ဝန်းကျင်မှာ အိမ်ထောင်မပြုဘဲနေတဲ့ အပျိုကြီး၊ လူပျိုကြီးတွေ တော်တော်များများတွေ့ရပြီး အဲဒီလိုတစ်ကိုယ်တည်းဖြတ်သန်းနေကြတာဟာ တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေနဲ့လည်း တစ်စိတ်တစ်ဒေသ ဆက်စပ်နေတယ်လို့ သူကပြောပါတယ်။

 

"အစ်မက အရာရာကို စိတ်အေးအေးထားတတ်တယ်။ အမှီအခိုကင်းတယ်။ sale person ပီပီဘဝမှာအမြဲတမ်းကြိုတင်စီစဉ်ထားတာတွေ ရှိတယ်။ ဘယ်အသက်အရွယ်အပိုင်းအခြားမှာ ငါဘာလုပ်မလဲဆိုတာ အမြဲတမ်း စီစဉ်ထားပြီးသား။ ပိုက်ဆံလည်း စုပါတယ်။ အသက်ကြီးလာတဲ့အထိ ကျန်းမာရေးအတွက်ပါ အားလုံးစီစဉ်ထားပြီးသား။ပြီးတော့ အစ်မက လိုချင်တပ်မက်မှုလည်းနည်းတယ်။ အဲဒီအတွက် အနာဂတ်က ပူပန်စရာမရှိသလို ပူလည်းမပူပါဘူး"လို့ သူက ပြောပါတယ်။

 

တချို့တွေကျတော့ အိမ်ထောင်မပြုဘဲတစ်ကိုယ်တည်းနေဖို့ ဆုံးဖြတ်ကြသလိုတချို့တွေကတော့ အသက်အရွယ်ကြီးမှအိမ်ထောင်ပြုတတ်ကြတာလည်း ရှိကြပါတယ်။အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စာရေးဆရာ ဆန်းလင်းထွန်းကတော့ အသက် ၄၀ အရွယ်ရောက်မှအိမ်ထောင်ပြုဖြစ်ခဲ့ပါတယ်။

 

"ကျွန်တော် ကျောင်းပြီးတဲ့အချိန်မှာ စိတ်ထဲမှာထင်တာက ပညာဆည်းပူးဖို့ ကျန်သေးတယ်လို့ထင်တယ်။ အပြင်မှာဆက်ပြီး စာပေကို လိုက်စားဖြစ်တယ်။ ပညာရေးအတွက် အာရုံစိုက်လိုက်တော့ အချိန်ကကုန်မှန်းမသိ ကုန်သွားတယ်။ အဲဒီအချိန်မှာအိမ်ထောင်ပြုဖို့ နောက်ဆုတ်သွားတာပေါ့" လို့ သူကပြောပါတယ်။

 

မြို့ပြကလူတွေက ကျေးလက်နဲ့ယှဉ်ရင် အိမ်ထောင်သိပ်မပြုကြတော့ဘဲ အများစုကနောက်ကျပြီးမှ အိမ်ထောင်ပြုလာကြပါတယ်။ ဒါဟာအကြောင်းရင်းမျိုးစုံ ဖြစ်နိုင်ပါတယ်။ သင်ရောအိမ်ထောင်သည်လား၊ အိမ်ထောင်ပြုဖို့ ရည်ရွယ်နေသူလား၊ ဒါမှမဟုတ်အိမ်ထောင်မပြုတော့မယ့်သူလား။

 

 

Credit;မြန်မာတိုင်းမ်

Read times Last modified on Tuesday, 18 September 2018 15:40
Rate this item
(1 Vote)