ငွေကြောင့် အိမ်ထောင်ရေးတစ်ခု မပြိုလဲသွားစေဖို့

ငွေကြောင့် အိမ်ထောင်ရေးတစ်ခု မပြိုလဲသွားစေဖို့ google.com

ငွေရေးကြေးရေးဆိုတာကတော့ တစ်သက်လုံးဖြေရှင်းလို့မပြီးတဲ့ပြဿနာတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။ ဘယ်လောက်ချမ်းသာတဲ့သူတွေပဲဖြစ်ဖြစ် ချမ်းသာရင်ချမ်းသာသလောက်၊ ဆင်းရဲရင်ဆင်းရဲသလောက် ငွေရဲ့ နှိပ်စက်မှုဒဏ်ကို အနည်းနဲ့အများတော့ ခံစားရတာချည်းပါပဲ။

ဝါကျွတ်ရင် လက်ထပ်မယ့်စုံတွဲတွေကိုလည်း တစ်ခုပြောပြချင်တာက အခုကတည်းက ကိုယ့်ရဲ့ Financial Plan ကို ရေးဆွဲထားဖို့ လိုအပ်တယ်ဆိုတာပါပဲ။

 

အရင်တုန်းကတော့ တစ်ယောက်တည်း။ လူပျို၊ အပျိုတို့ထုံးစံအတိုင်း ကိုယ့်ဘာသာကိုယ်ရှာ၊ ကိုယ့်ဘာသာကိုယ်သုံး။ တစ်လတစ်လ အလျှင်မီရင်ပြီးတာပါပဲ။ ဘာမှစိတ်ပူစရာမလိုအပ်ပါဘူး။ ဒါပေမယ့် မကြာခင်မှာ နှစ်ယောက်ဖြစ်လာတော့မှာဆိုတော့ ငွေကြေးစီမံခန့်ခွဲမှုမရှိဘဲ အရင်လို ပေါ့ပေါ့လေးနေလို့မရတော့ပါဘူးနော်။ တစ်ခါတလေ ငွေကြေးကအိမ်ထောင်တစ်ခုကို ပျက်ပြားတဲ့အထိဖြစ်သွားစေပါတယ်။ ဒါ ခြောက်လှန့်နေတာမဟုတ်ပါဘူး။ မှန်ကန်ပြီးညီမျှတဲ့ ငွေကြေးစီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်စေချင်လို့ ပြောနေတာပါနော်။

 

 

အကြွေးဆိုတာဟာ ယူထားတဲ့တစ်ယောက်နဲ့ပဲ သက်ဆိုင်တဲ့အရာမဟုတ်ပါဘူး

 

ဟုတ်ပါတယ်။ အခုခေတ်က ဘယ်လောက်ပဲလင်မယားတွေပြောပြော သူ့လွတ်လပ်ခွင့်၊ သူ့ကိုယ်ရေးကိုယ်တာ၊ ကိုယ့်လွတ်လပ်ခွင့်၊ ကိုယ့်ကိုယ်ရေးကိုယ်တာဆိုပြီး ခွဲခြားသတ်မှတ်မှုတွေရှိလာပေမယ့်လည်း အိမ်တစ်အိမ်မှာ အိမ်ထောင်ဖက်တစ်ဦးက တစ်ဦးကို အသိပေးပြီးဖြစ်စေ၊ အသိမပေးဘဲဖြစ်စေ အကြွေးယူထားတာရှိတယ်ဆိုရင်တော့ ဒါ ယူထားတဲ့တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တဲ့အရာမဟုတ်တော့ပါဘူး။ နှစ်ယောက်စလုံးနဲ့ သက်ဆိုင်လာမှာပါ။ အဲဒီတော့ တစ်ယောက်နဲ့ တစ်ယောက် အကြွေးတွေယူစရာရှိလာရင်၊ တင်လာမယ်ဆိုရင် ဘယ်လိုညှိနှိုင်းဖြေရှင်းကြမလဲဆိုတာကို ကြိုတင်ပြီး နားလည်မှုယူထားပါ။

 

 

အတူတူ စီမံခန့်ခွဲနိုင်ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်

 

ကိုယ့်အမျိုးသားကိုယုံကြည်လို့ပဲဖြစ်စေ၊ အမျိုးသမီးကိုယုံကြည်လို့ပဲဖြစ်စေ “ရပါတယ်။ သဘော။ ယူ့နာမည်နဲ့ပဲအကောင့်ဖွင့်ပြီး ပိုက်ဆံထည့်ထားလိုက်လေ။” ဆိုတာမျိုးကတော့နိုးပါ။ ဒါမယုံကြည်ရဘူးလို့ ပြောနေတာမဟုတ်ပါဘူးနော်။ အရေးပေါ်ပိုက်ဆံလိုအပ်လာတဲ့အခါ ကိုယ်ကိုယ်တိုင်သွားထုတ်လို့မရနိုင်တာကြောင့် ဒုက္ခတွေမရောက်ပါစေနဲ့။ ဖြစ်နိုင်ရင် နှစ်ယောက်စလုံးအကျုံးဝင်ပြီး ထုတ်သွင်းလုပ်လို့ရတဲ့ Joint Account ဖွင့်ထားပါ။ ဒါဆိုရင်တော့ ကိုယ်လိုတဲ့အချိန် လိုအပ်သလို ထုတ်သုံးလို့လည်းရသလို၊ ကိုယ့်ရဲ့ အိမ်ထောင်ဖက် အသုံးများနေရင်လည်း ချက်ချင်းသိရမှာဆိုတော့ ထိန်းသိမ်းလို့ရပါတယ်။

 

 

အပြင်မှာ ပိုက်ဆံထုတ်သုံးတဲ့အခါ ညှိနှိုင်းထားကြပါ

 

ဒီနေ့ Shopping ထွက်မယ်ဆိုရင်လည်း ဒီနေ့အပြင်ထွက်တာ အများဆုံးဘယ်လောက်သုံးမလဲဆိုတာကို အိမ်မှာကတည်းကကြိုတင်ညှိနှိုင်းထားပါ။ ဒီလိုပဲ အိမ်ထောင်ဖက်ရဲ့ သူငယ်ချင်းတွေနဲ့ Night Out ထွက်မယ်ဆိုရင်လည်း ဘယ်လောက်ပမာဏအထိ ရှင်းပေးမယ်ဆိုတာကိုသဘောတူထားပါ။ ဒီလိုမှမဟုတ်ဘူးဆိုရင် လူကြားထဲရောက်မှ တစ်ယောက်က ဒကာခံချင်၊ တစ်ယောက်က လိုက်ချင့်ချိန်နေရတာနဲ့ မျက်နှာပျက်ရတာမျိုး၊ အတူတူအပြင်မှာ စိတ်ကြိုက်သုံးလာခဲ့ပြီး အိမ်ရောက်လို့ ပိုက်ဆံပြန်ရေမှ စိတ်ဆင်းရဲရတာမျိုးတွေ မဖြစ်ရတော့မှာပါ။ တစ်လစာ အသုံးစရိတ်ဆိုရင်လည်း အခုပြောခဲ့သလိုပဲ ညှိနှိုင်းတွက်ချက်ထားကြပါ။

 

 

ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး လိမ်ညာတာနဲ့ လျှို့ဝှက်တာမျိုးတွေက မလုပ်သင့်ပါဘူး

 

အိမ်ထောင်တစ်ခုကို ထူထောင်နေပြီဆိုရင်တော့ သူရှာတာနဲ့ကိုယ်ရှာတာအတူတူစုပေါင်းပြီးတော့ သုံးစွဲရတော့မှာပါပဲ။ ဒါ ငါ့ဟာ၊ ဒါကတော့ နင့်ဟာ စသည်ဖြင့် အကြီးအကျယ်ခွဲခြားနေလို့တော့မရတော့ပါဘူး။ မိဘတွေကို ကန်တော့ချင်တာလား။ ကန်တော့ပါ။ ဒါပေမယ့် ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို အသိပေးပြီးမှကန်တော့ပါ။ ဒီလိုပဲ ဝယ်ချင်တာရှိလို့ ပိုက်ဆံစုချင်ရင်လည်းသီးသန့်စုဆောင်းထားလို့ရပါတယ်။ ဒါပေမယ့် သူမကိုပြောပြထားလိုက်ပါ။ ပိုက်ဆံကိစ္စနဲ့ ပတ်သက်ရင် တစ်ယောက်နဲ့ တစ်ယောက် လျှို့ဝှက်တာတွေ၊ လိမ်ညာတာတွေ မလုပ်တာအကောင်းဆုံးပါပဲ။ အဲဒီလိုမလုပ်ဖြစ်အောင်ဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးကြပါနော်။

 

 

ရေရှည်ငွေကြေးစီမံခန့်ခွဲမှု လုပ်ရပါလိမ့်မယ်

 

တစ်ခဏချင်းဆီအတွက်တော့ ဆွေးနွေးကြပါတယ်။ တိုင်ပင်ကြပါတယ်။ နားလည်မှုတွေလည်း ထားရှိကြပါတယ်။ ဒါပေမယ့် ရေရှည်အတွက် စီမံမှုကြီးကြီးမားမားမရှိသေးတာကလည်း မှန်မလိုလိုနဲ့မှားနေသေးတဲ့အရာပါပဲ။ ဘယ်အချိန်မှာ ကလေးယူမလဲဆိုတာကလည်း ငွေကြေးစီမံခန့်ခွဲမှုထဲမှာအကျုံးဝင်ပါတယ်။ တစ်နှစ် ၂ခါ ခရီးသွားနိုင်ဖို့အတွက်ဆိုရင်လည်း ရေရှည်စီမံခန့်ခွဲမှုရှိမှဖြစ်နိုင်မှာပါ။ ဘယ်နှနှစ်နေရင်တော့ ဘယ်လိုဖြစ်ရမယ်။ ဘာဝယ်နိုင်ရမယ်။ ကလေးယူမယ်စတာတွေအားလုံးအတွက် ရေရှည်ငွေကြေးစီမံခန့်ခွဲမှုတွေကို လုပ်ဖို့လည်းမမေ့ပါနဲ့။

 

အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်တည်းပေါင်းဖက်လိုက်တာမဟုတ်ပါဘူး။ သူတို့ရဲ့ မိသားစုအချင်းချင်း၊ မိတ်ဆွေအသိုင်းအ၀ိုင်းအချင်းချင်း၊ စီးပွားရေးအချင်းချင်း၊ ငွေကြေးအချင်းချင်းလည်း အတူတူပေါင်းဖက်လိုက်တာပါ။ ဒါကြောင့်လည်း မှန်ကန်တဲ့ငွေကြေးစီမံခန့်ခွဲမှုမရှိတဲ့ အိမ်ထောင်ရေးဟာ ဘယ်လောက်ပြည့်စုံနေပါစေစိတ်ညစ်နေရဦးမှာပါ။ ပိုက်ဆံက သားသမီးနဲ့မိဘကိုတောင်သွေးကွဲသွားစေပါတယ်။ အိမ်ထောင်ဖက်လောက်ကတော့အပျော့ပါပဲ။ အဲဒါကြောင့် ငွေရေးကြေးရေးကြောင့် အိမ်ထောင်ဖက်အချင်းချင်း စိတ်ဆင်းရဲမှုတွေမရှိရလေအောင် အခုလိုစီမံခန့်ခွဲမှုတွေလုပ်ဖို့လိုအပ်ပါတယ်နော်။

 

 

Moethaesay (Akhayar)

Read times Last modified on Tuesday, 18 September 2018 11:08
Rate this item
(1 Vote)