ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့ အချစ်ရေးကိုဘယ်လို အဆုံးသတ်မလဲ

ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့ အချစ်ရေးကိုဘယ်လို အဆုံးသတ်မလဲ google.com

မတော်တဲ့ ဖိနပ်ကို ဘယ်အချိန်ထိ စိတ်ဆင်းရဲခံပြီး စီးနေဦးမှာလဲ.......

 

ပြတ်လိုက် ဆက်လိုက် ဖြစ်နေတဲ့အချစ်ရေးမှာ ရွေးချယ်စရာနှစ်ခုရှိပါတယ်။ ထာဝရမြဲမြံကြဖို့ ကြိုးစားမှာလား ဒါမှမဟုတ် ထာဝရပြတ်စဲကြမလားဆိုတာပါပဲ။ ထာဝရပြတ်စဲသင့်တဲ့ အခြေအနေကတော့ သူက ကိုယ့်အပေါ်နားလည်မှုမရှိ၊ ကြင်နာမှု မရှိသူမျိုး၊ ရေရာတဲ့ အနာဂတ်ကို အတူတူ တည်ဆောက်ဖို့ မဖြစ်နိုင်တဲ့ သူမျိုးတွေပေါ့လေ။ သူ့ကို စိတ်ပျက်လို့ လမ်းခွဲလိုက် သူက ပြန်လာဆက်လို့ ပါသွားလိုက်၊ နှစ်ဦးသဘောတူလမ်းခွဲလိုက်၊ မပြတ်နိုင်လို့ ကိုယ်ကပြန်ဆက်လိုက်နဲ့ ဇာတ်မျောကြီး ဖြစ်ဖြစ်နေပါရော။

ဒါပေမဲ့ အပေါ်မှာ ပြောခဲ့သလို သူက ကိုယ့်အတွက် နားလည်မှုမရှိတဲ့သူ၊ ကိုယ့်အနာဂတ်အတွက် သင့်တော်တဲ့သူ မဟုတ်ရင်လုပ်သင့်တာက ရှေ့ဆက်ဖို့ပါ။ ရှေ့ဆက်ဖို့ဆိုတာကို တိတိကျကျပြောရရင် သူမပါဘဲ ရှေ့ဆက်ဖို့ပေါ့။

 

 

၁။ သူနဲ့ ပြတ်ပြတ်သားသားရှင်းပါ

 

အရင်ကလို ဖုန်းနဲ့ မက်ဆေ့ခ်ျနဲ့စကားပြောရင်းအဆင်မပြေတာနဲ့ပဲ နင်နဲ့ငါ ပြတ်ပြီလို့ပြောတဲ့ပုံစံမျိုးမဟုတ်ဘဲ သူနဲ့မျက်နှာချင်းဆိုင်တွေ့ပြီးဖြစ်ဖြစ်ဖုန်းနဲ့ပြောရင်းပဲဖြစ်ဖြစ်လေးလေးနက်နက်နဲ့ လမ်းခွဲစကားပြောပါ။ ပြီးတော့ ဘာကြောင့် လမ်းခွဲချင်တယ်ဆိုတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်းပြောပြပါ။ အဲဒီအချိန်မှာ ဒေါသထွက်တာမျိုး၊ အပြစ်တွေကို သူ့အပေါ်ပုံချတာမျိုးတော့ မလုပ်နဲ့နော်။ စိတ်တို၊ ဒေါသထွက်ရန်ဖြစ်ရတာပဲ အဖတ်တင်ပါလိမ့်မယ်။ ပြီးတော့ သူတို့ငိုယိုပြ၊ အသနားခံပြရင်လည်း စိတ်ပျော့သွားပြန်ရော မဖြစ်နဲ့နော်။

 

 

၂။ ကိုယ့်အတွက်နဲ့ မိသားစုသူငယ်ချင်းတွေအတွက်အချိန်ပြည့်ရှိနေပါ

 

ကိုယ့်ရဲ့လစ်ဟာသွားတဲ့နေရာမှာ သူအလွယ်တကူပြန်လာလို့ ရမနေစေဖို့ ကိုယ့်ဘဝအချိန်တွေကို ကိုယ့်အတွက် အကျိုးရှိစေမယ့် သင်တန်းတွေတက်၊ လေ့လာမှုတွေလုပ်ပါ။ ကျန်တဲ့အချိန်တွေကို မိဘ၊ မောင်နှမ၊ သူငယ်ချင်းတွေအတွက် အချိန်ပေးပါ။ ဒါဆို သူ့ကိုသတိရဖို့တောင် အချိန်ရတော့မှာ မဟုတ်ဘူးနော်။ နောက်ပြီး သူ့ကိုသတိရတဲ့အခါတိုင်း၊ ဝမ်းနည်းမိတဲ့အခါတိုင်း ကိုယ့်ကို ချစ်ခင်ကြသူတွေက အားပေးနားလည်ပေးကြမှာပါ။

 

 

၃။ စိတ်မပျော့ပါနဲ့

 

သတိရလာလို့ မက်ဆေ့ခ်ျလေးတစ်ကြောင်းလောက်တော့ ပို့လိုက်ပါမယ်လို့ မလုပ်နဲ့တော့နော်။ စိတ်တင်းပါ။ အရမ်းသတိရလို့ စိတ်မွန်းကျပ်လာမိပြီဆိုရင်လည်း သီချင်းလေးနားထောင်၊ ရုပ်ရှင်လေးကြည့်၊ စာလေးဖတ်ပြီး ဝမ်းနည်းစရာအချိန်တွေကို ကျော်လွှားလိုက်ပါ။ နောက်ပြီး ဝမ်းနည်းရတဲ့အချိန်တွေဆိုတာလည်း ထာဝရရှိနေမှာ မဟုတ်ဘူးလေ။ အချိန်တန်တော့လည်း အရာရာကိုမေ့သွားမှာပါ။

 

 

၎။ အမှတ်တရတွေကို ဖျက်ဆီးလိုက်ပါ

 

သူပေးခဲ့တဲ့ အရုပ်လေးတွေ၊ သူနဲ့အတူ ဝယ်ထားတဲ့ ပစ္စည်းလေးတွေကို ဆက်သိမ်းထားမနေပါနဲ့တော့။ သူနဲ့အတူပြောခဲ့တဲ့ Chat History တွေကို ပြန်ပြန်ဖတ်ပြီး ကြေကွဲမနေပါနဲ့တော့။ အခုအချိန်က အတိတ်ကို တမ်းတနေရတဲ့အချိန် မဟုတ်ဘူးလေ။ အနာဂတ်ကိုပဲ မျှော်တွေးရမယ့် အချိန်ဖြစ်သွားပါပြီ။

 

 

၅။ မထင်မှတ်ဘဲ ပြန်တွေ့မယ့် အချိန်အတွက် ကြိုစဉ်းစားထားပါ

 

တကယ်လို့ သူနဲ့များ မတော်တဆပြန်တွေ့ခဲ့တာပဲဖြစ်ဖြစ်၊ ပြန်ဆုံခဲ့တာပဲဖြစ်ဖြစ် အဲဒီအချိန်မှာ မတုန်မလှုပ်ရှိနိုင်ဖို့ ကြိုစဉ်းစားထားပါနော်။ တော်ကြာ မတော်တဆပြန်တွေ့ကာမှ တင်းထားသမျှအကုန်ပြန်လျှော့ပြီး သူ့ဆီပြန်ရောက်သွားမှာစိုးလို့ပါ။

 

 

၆။ သူငယ်ချင်းလိုပဲဆိုတဲ့ အတွေးမျိုး ယောင်လို့တောင် မတွေးပါနဲ့

 

အခုအချိန်မှာ သူနဲ့ ပြတ်သားရမယ့်အချိန်လေ။ ဒီလိုအချိန်မျိုးမှာ သူငယ်ချင်းလို သဘောထားမယ်ဆိုပြီး ဆက်သွယ်ပြောဆိုနေမိတာမျိုး လုံးဝမလုပ်ပါနဲ့။ နောင်တစ်ချိန် ကိုယ့်ခံစားချက်တွေ သူ့ပေါ်မှာ လုံးဝမရှိတော့ဘူးဆိုတဲ့ အခါမျိုး ရောက်မှပဲ ပြန်ပြီး သူငယ်ချင်း ဖြစ်ချင် ဖြစ်ပါ။

 

ကိုယ့်အပေါ် မကောင်းသူ၊ မသင့်တော်သူ အနားမှာမရှိတော့မှ ကိုယ့်ဘဝအတွက် ကောင်းမွန်သင့်တော်သူက အနားရောက်လာနိုင်မှာ မဟုတ်လား။ ဒါကြောင့် ကိုယ်မတော်တဲ့ ဖိနပ်ကို စိတ်ဆင်းရဲခံပြီး ကြိုးစားစီးနေမယ့်အစား ခြေဗလာနဲ့ လွတ်လွတ်လပ်လပ်သာ ရှေ့ဆက်လျှောက်လိုက်ပါ....

 

 

Credit;Sugar Cane (For Her Myanmar)

Read times Last modified on Tuesday, 18 September 2018 15:54
Rate this item
(1 Vote)