ကိုယ့်ချစ်သူက ကိုယ့်ကိုဂရုမစိုက်တော့တဲ့အခါ

ကိုယ့်ချစ်သူက ကိုယ့်ကိုဂရုမစိုက်တော့တဲ့အခါ google.com

ချစ်သူတွေဖြစ်ခဲ့ကြတာကတော့ နှစ်ဦးသဘောတူပါပဲ၊ ဒါပေမယ့် ချစ်သူသက်တမ်းလည်းကြာလာရော

ကိုယ်ကပဲတစ်ဖက်သတ်အရမ်းတွေချစ်၊ အရမ်းတွေဂရုစိုက်နေရပြီး သူ့ဘက်က အဖက်မလုပ်တော့သလိုလို၊ ဂရုမစိုက်ချင်သလိုလို၊ ကိုယ်နဲ့တွဲနေရတာ စိတ်မဝင်စားသလိုလိုတွေလုပ်ပြနေပြီး မနွေးထွေးတော့တဲ့အခြေအနေမျိုးဖြစ်နေတယ်ဆိုရင် အဲ့ဒီအချစ်ရေးက ဘယ်လိုမှပျော်စရာကောင်းမှာမဟုတ်ပါဘူး။

 

အဲ့ဒီလိုအခြေအနေဖြစ်နေလို့ ကိုယ့်ဘက်ကအဆင်ပြေအောင်အမျိုးမျိုးကြိုးစားပြီး အလျှော့ပေးပေမယ့် အဆင်မပြေလာဘူးဆိုရင်တော့ ဆက်ပြီးအောက်ကျို့မနေဘဲ ဒီလိုနည်းလမ်းတွေသုံးပြီး ပြန်ချေလိုက်ပါ။

 

ကိုယ့်အတွက်တကယ့်လိုအပ်ချက်ကိုသိအောင်လုပ်ပါ

လူတွေရဲ့စိတ်ခံစားချက်ကမရတာကိုမှလိုချင်ကြတဲ့သဘောရှိပါတယ်။ သင့်အနေနဲ့ ချစ်သူကဂရုမစိုက်ဘူးဆိုရင် သူ့ရဲ့ဂရုစိုက်မှုကိုရဖို့အတွက်ပဲ စိတ်ထဲမှာဖြစ်နေမှာပါ။ ဒီတော့ အဲ့ဒီစိတ်ကို တခြားဘက်ကိုအာရုံပြောင်းဖို့လိုပါတယ်။ ဒီတော့ အချစ်ရေးမဟုတ်ဘဲ တခြားလိုအပ်ချက်တွေအကြောင်းစဉ်းစားကြည့်လိုက်ပါ။

 

တိုက်ရိုက်ဆွေးနွေးပါ

အသံတိတ်ဆန္ဒပြနေတာမျိုးက ကိုယ်လိုချင်တာရဖို့ကောင်းမွန်တဲ့နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ နှစ်ယောက်အဆင်ပြေဖို့ ကိုယ့်ဘက်ကနည်းမျိုးစုံနဲ့ ကြိုးစားလို့မှ အဆင်မပြေရင် ဒီအကြောင်းနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေးဖို့လိုနေပါပြီ။

 

ကိုယ်စိတ်ဝင်စားတာတွေပိုလုပ်ပါ

လူတစ်ယောက်အတွက် ကိုယ့်ရဲ့အချိန်တွေအများကြီးပေးထားခဲ့ပြီးပေမယ့် သူ့ဘက်ကကိုယ့်အပေါ်မလေးနက်ဘူး၊ စိတ်မဝင်စားဘူးဆိုရင် ကိုယ့်ဘက်ကလည်း ကိုယ့်အချိန်တွေကို သူတစ်ယောက်တည်းအတွက်အကုန်ခံနေဖို့ မတန်တော့ပါဘူး။ ဒီတော့ သူ့အတွက်ပေးထားတဲ့အချိန်တွေကို ကိုယ့်အတွက်ပဲပြန်ပေးပြီး ကိုယ်စိတ်ဝင်စားတာတွေကိုပဲလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

 

ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိအောင်လုပ်ပါ

ဘယ်သူမဆို ကိုယ်ချစ်တဲ့သူဆီက ဂရုစိုက်မှုကိုလိုချင်တာချည်းပါပဲ။ ဒါပေမယ့် မရခဲ့ရင်လည်း အရမ်းကြီးကြေကွဲခံစားမနေသင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာအောင်ကြိုးစားပြီး တစ်ယောက်ယောက်ဂရုစိုက်မှုကိုမရလည်း ဘာမှမဖြစ်တဲ့သူတစ်ယောက်ဖြစ်အောင်နေပါ။

 

ဒီအတိုင်းလွှတ်ထားပေးလိုက်ပါ

တစ်ယောက်ကတစ်ယောက်ကိုဂရုစိုက်တယ်ဆိုတာ လုပ်ယူလို့လည်းမရသလို၊ တောင်းဆိုလို့လည်းမရပါဘူး။ စိတ်ထဲကပါမှ အဆင်ပြေတဲ့ကိစ္စမျိုးပါ။ တကယ်လို့ ကိုယ့်ဘက်ကတောင်းဆိုလို့ ဂရုစိုက်ပေးတယ်ဆိုရင်လည်း ခဏတဖြုတ်ပဲဖြစ်မှာပါ။ ဒါကြောင့် ကိုယ့်ကိုဂရုစိုက်ပေးဖို့ အတင်းသွားပြီး မတောင်းဆိုဘဲ ဒီတိုင်းလေးပဲလွှတ်ထားပေးလိုက်ပြီး ကိုယ့်ကိုယ်ကိုသာဂရုစိုက်လိုက်ပါ။

 

Credit : mmcelesmedia

Myanmar Wedding Guide

Read times Last modified on Monday, 01 April 2019 18:07
Rate this item
(2 votes)