ကမ္ဘာတစ်ဝှမ်းက ချစ်စရာမင်္ဂလာပွဲအထိမ်းအမှတ် ရိုးရာယဉ်ကျေးမှုဓလေ့လေးများ

ကမ္ဘာတစ်ဝှမ်းက ချစ်စရာမင်္ဂလာပွဲအထိမ်းအမှတ် ရိုးရာယဉ်ကျေးမှုဓလေ့လေးများ google.com

တစ်သက်မှာ တစ်ခါပဲကြုံရတဲ့ မင်္ဂလာပွဲကိုတော့ ဘယ်သူဖြစ်ဖြစ် အကောင်းဆုံးဖန်တီးကျင်းပချင်တာပါပဲ။ သူထက်ငါ အပြိုင်အဆိုင် ပိုပြီးစည်ကားအောင်၊ ပိုပြီးခမ်းနားအောင် လက်ထပ်မင်္ဂလာပြုနေကြတဲ့ခေတ်ကို ရောက်နေပါပြီ။

 

 

ဘာပဲပြောပြော တစ်သက်တာလုံးအတွက် အမှတ်တရလေးတွေဖြစ်သွားရမှာဆိုတော့ ပစ်စလက်ခတ်တော့ မလုပ်ရဘူးနော်။ ဒီနိုင်ငံမှာမှ မင်္ဂလာပွဲကို အလေးထားကြတာတော့မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ဒေသတစ်ခုနဲ့တစ်ခု မတူညီတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေအရ မတူညီတဲ့ထူးခြားမှုလေးတွေကိုယ်စီရှိကြပါတယ်။ ဘယ်လိုထူးခြားမှုလေးတွေများဖြစ်မလဲမသိဘူးနော်။

 

 

အိန္ဒိယ

 

အိန္ဒိယမှာက မင်္ဂလာမဆောင်ခင်တစ်ညအလိုဆိုရင် သတို့သမီးဘက်က မိသားစုတွေဟာ “Mehndi” လို့ခေါ်တဲ့ အခမ်းအနားလေးကို ကျင်းပလေ့ရှိကြပါတယ်။ Henna ပန်းခတ်တွေဆွဲပေးတဲ့အနုပညာရှင်ဟာ ကောက်ကြောင်းတွေနဲ့ ဖန်တီးထားတဲ့ Henna အနုပညာပန်းခတ်တွေကို သတို့သမီးရဲ့ လက်တွေခြေထောက်တွေမှာ ရေးဆွဲပေးပါတော့တယ်။ အရမ်းခမ်းနားပြီး လှပတဲ့ သတို့သမီးရဲ့ ကိုယ်ခန္ဒာပေါ်က Henna အနုပညာဆိုတာဟာ ပျော်ရွှင်ခြင်း၊ လှပခြင်းနဲ့ စိတ်ချမ်းမြေ့ခြင်းတွေကို ကိုယ်စားပြုပါတယ်။

 

 

ၾသစေတးလ်

 

မိသားစုနှစ်ဦးနှစ်ဖက်ပေါင်းဖက်ခြင်းဆိုတာဟာ မျှော်လင့်ထားသလောက်လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် သြစတေးလျရဲ့ ရိုးရာဓလေ့လေးကတော့ အခုလို မင်္ဂလာပွဲကျင်းပပြီး မိသားစုနှစ်စုပေါင်းဖက်တာဟာ ကောင်းမွန်ခြင်းတွေကို အတူတူယူဆောင်လာနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ မိသားစုဝင်တစ်ယောက်စီတိုင်းဟာ ကျောက်တုံးတစ်တုံးစီကို ယူလာကြပြီး အိုးလေးတစ်လုံးထဲကို ထည့်ကြပါတယ်။ သဘောကတော့ ကြီးမားပြီး လှပတဲ့ မိသားစုနှစ်စုပေါင်းဖက်ခြင်းကို ဆောင်ယူကြပါတယ်။

 

 

ဂျာမနီ

 

ဂျာမန်တွေဟာ မင်္ဂလာပွဲအတွက်ဆိုရင် အရမ်းကိုလုံ့လ၀ီရိယရှိကြပါတယ်။ ဂျာမန်တွေရဲ့ ရိုးရာကတော့ မင်္ဂလာဦးဇနီးမောင်နှံဟာ မင်္ဂလာပွဲပြီးတာနဲ့ အတူတူ သစ်တုံးကြီးတစ်တုံးကို လွှနဲ့ တိုက်ဖြတ်လေ့ရှိကြပါတယ်။ ဒါဟာ ပထမဦးဆုံး အခက်အခဲကို နှစ်ဦးအတူတူကျော်ဖြတ်ကြတယ်ဆိုတဲ့သဘောကို ဆောင်ယူကြခြင်းဖြစ်ပြီးတော့ ချစ်စရာကောင်းတဲ့ရိုးရာယဉ်ကျေးမှုလေးတစ်ခုပါနော်။ ပြီးရင်တော့ အဲဒီသစ်သားတွေကို မီးလှုံဖို့ အသုံးပြုလေ့ရှိကြပါတယ်။

 

 

တရုတ်

 

မင်္ဂလာပွဲတွေမှာ သတို့သားနဲ့ သတို့သမီးဟာ မိသားစုဝင်အသစ်တွေကို လိုက်မိတ်ဆက်ရင်း လက်ဖက်ရည်ကြမ်းတွေ တည်ခင်းဧည့်ခံနေပြီဆိုရင်တော့ အဲဒါဟာ တရုတ်လူမျိုးတွေဆိုတာ သေချာပါပြီ။ လက်ဖက်ရည်ကြမ်းဟာ တရုတ်မင်္ဂလာပွဲတွေအတွက် အဓိကသောက်စရာတစ်ခုဖြစ်ပြီး လက်ဖက်ရည်ကြမ်းကို မှာယူကာ တစ်ကျိုက်တည်းသောက်ပြီး မင်္ဂလာဦးစုံတွဲကို လက်ဆောင်ပစ္စည်းတွေပြန်လည်ပေးအပ်လေ့ရှိကြပါတယ်။

 

 

တောင်အာဖရိက

 

ဒီအလေ့အကျင့်က သူတို့ကို နွေးထွေးစေပြီး တောင်အာဖရိကမှာ မင်္ဂလာပွဲကျင်းပပြီဆိုရင် မင်္ဂလာဦးစုံတွဲရဲ့ မိဘတွေဟာ သူတို့အိမ်ကနေ မီးညှိထားတဲ့မီးတုတ်ကိုယ်စီ အသီးသီးယူဆောင်လာပြီး မင်္ဂလာဦးနေအိမ်မှာ လာရောက်ထွန်းညှိပေးကြတာဟာ ရိုးရာဓလေ့တစ်ခုပဲဖြစ်ပါတယ်။

 

 

ဖိလစ်ပိုင်

 

ဖိလစ်ပိုင်ရဲ့ ဓလေ့ထုံးစံအရဆိုရင် မင်္ဂလာဦးစုံတွဲဟာ အဖြူရောင်ချိုးငှက်လေးတစ်စုံကို လွှတ်ပေးခြင်းအားဖြင့် ငြိမ်းချမ်းခြင်းနဲ့ လိုက်ဖက်ညီတဲ့အိမ်ထောင်ရေးတစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။

 

 

ဂျပန်

 

ဂျပန်ရဲ့ “San San Kudo” လို့ခေါ်တဲ့ ဘာသာရေးထုံးစံအရ သတို့သားနဲ့ သတို့သမီးဟာ တစ်ခွက်နဲ့ တစ်ခွက်ထပ်ထားတဲ့ အရက်ခွက်သုံးခွက်ကို တစ်ခွက်ချင်းဆီ တစ်ကျိုက်တည်း သောက်သုံးရပါတယ်။ “သုံး” ဂဏန်းကတော့ ဂျပန်တွေအတွက် ကံကောင်းစေတဲ့ဂဏန်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဂျပန်အယူအဆအရဆိုရင် “သုံး” ဂဏန်းဟာ ချစ်ခြင်းမေတ္တာ၊ ဥာဏ်ပညာနဲ့ ပျော်ရွှင်ခြင်းတွေကို ကိုယ်စားပြုပါတယ်။

 

 

အီတလီ

 

အီတလီလူမျိုးတွေဟာ သကြားကပ်ပြီး အရောင်ဆိုးထားတဲ့ ဗာဒံစေ့တွေကို အပေါ်ကိုကျဲချပြီး ကျန်းမာရေး၊ မျိုးဆက်၊ ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းတို့ကို ဖော်ကျူးလေ့ရှိပါတယ်။ နောက်ပြီးရင် မင်္ဂလာဦးစုံတွဲဟာ ဒီဗာဒံစေ့တွေကြားထဲကို အကြွေစေ့တွေနဲ့ ဆန်တွေရောထည့်ပြီး မင်္ဂလာပွဲပြီးဆုံးတဲ့အခါ အနည်းငယ်ကို အမှတ်တရသိမ်းဆည်းဖို့ယူဆောင်သွားလေ့ရှိပါတယ်။

 

ဒါတွေကတော့ ကမ္ဘာအနှံ့က လူမျိုးတချို့ရဲ့ ယုံကြည်မှုနဲ့ ရိုးရာဓလေ့မင်္ဂလာပွဲ အယူအဆလေးတွေပါနော်။ ဘယ်လိုအယူအဆမျိုးပဲဖြစ်ဖြစ် အားလုံးဟာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် အရမ်းချစ်စရာကောင်းတဲ့ဓလေ့လေးတွေပါ။ ၀ါကျွတ်ရင် မင်္ဂလာဆောင်တော့မယ့် စုံတွဲတွေလည်း မိမိရဲ့ယဉ်ကျေးမှု၊ ရိုးရာဓလေ့လေးတွေထုံမွှမ်းတဲ့ ချစ်စရာမင်္ဂလာပွဲလေးတွေကို အသီးသီးဆင်နွှဲနိုင်ကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်နော်။

 

 

Moethaesay (Akhayar)

Read times Last modified on Tuesday, 18 September 2018 11:01
Rate this item
(1 Vote)