အချစ်နဲ့ ပိုက်ဆံ

အချစ်နဲ့ ပိုက်ဆံ google.com

ပိုက်ဆံသာ ရှိအောင် ကြိုးစား.. လိုချင်တဲ့ မိန်းမတွေများ ဝိုင်းလို့တဲ့...

 

သူဌေးသမီး ဆိုမှတော့ ကြိုက်တဲ့ယောက်ျား ခေါင်းခေါက်ယူလို့ ရတယ်တဲ့...

 

အဲ့ဒီစကား မှန်သလား ဆိုတော့ မမှန်ပါဘူး.. ဒါဆို မှားသလား ဆိုတော့လည်း မမှားပြန်ဘူး...

 

ဘာလို့လဲဆိုတော့ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် သူ့ဟာနဲ့သူ အလွှာစုံ ရှိနေတာကိုး...

 

ဒီတော့ ကိုယ်က ဘယ်အလွှာထဲမှာ ပါသလဲ ဆိုတာ ကိုယ့်ဘာသာကိုယ် အသိဆုံးဖြစ်မှာပဲ...

 

ဘယ်သူကမှတော့ ပိုက်ဆံ ရှိလို့ ကြိုက်တယ်.. ပိုက်ဆံရှိလို့ ယူတယ် ဆိုတဲ့ တံဆိပ်ကပ် မခံချင်ကြဘူး...

 

ဒီလိုပဲ အချစ်တစ်ခုအတွက် အိပ်မက်တွေ ရှိနေရင်လည်း ပိုက်ဆံ ဆိုတဲ့ အရာကို မေ့ထားလို့က မရပြန်ဘူး...

 

ဆိုတော့ ဘဝက အချစ် ဖြစ်နေတုန်းမှာတော့ ပိုက်ဆံက အရေးမပါသလို ထင်ရပေမယ့် အချစ်က ဘဝဖြစ်လာတဲ့အခါကျတော့ ပိုက်ဆံက အရေးပါဆုံး နေရာက ပါလာပြန်ရော...

 

ဒီလိုပြောတော့ ပိုက်ဆံ ရှိတာနဲ့ လူတစ်ယောက်ရဲ့ အချစ် သို့မဟုတ် နှလုံးသားကို ရနိုင်မလား ဆိုတော့လည်း တက်တက်စင်အောင်ကို လုံးဝ လွဲနေပြန်ရော...

 

တကယ်တော့ ပိုက်ဆံရှိရင် လူတစ်ယောက်ကို ရနိုင်တယ်၊ ဒါ့အပြင် သူ့ရဲ့ ခန္ဓာ၊ သစ္စာနဲ့ ဝတ္တရားကိုလည်း ရကောင်း ရနိုင်လိမ့်မယ်...

 

ဒါပေမဲ့ သူ့ဆီက အင်မတန် နူးညံ့တဲ့ မြတ်နိုးမှုတွေနဲ့ ကိုယ်ကလွဲရင် ဘာမှမရှိတော့ဘူး ဆိုတဲ့ ခံစားချက်တွေ ကိုတော့ ပိုက်ဆံနဲ့ ရအောင် လုပ်ယူဖို့ မလွယ်ပါဘူး...

 

မယုံရင် ကိုယ့် ပတ်ဝန်းကျင်ကို တချက် လှည့်ကြည့်လိုက် ပိုက်ဆံရှိမှ၊ ချမ်းသာမှ ဆိုတာကို ယောင်လို့တောင် မစဉ်းစားမိဘဲ တုန်နေအောင် ချစ်နေကြသူတွေမှ ဒုနဲ့ဒေး...

 

ဒီလိုပဲ ပိုက်ဆံနောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း အချစ်ကို discount ချပြီး ဈေးကွက်တင်တဲ့ အုပ်စု ဆိုတာလည်း ရှိနေတာပဲ...

 

ဆိုတော့ ပိုက်ဆံနဲ့က လူကိုဝယ်လို့ရမယ်၊ လိင်ကိစ္စကို ဝယ်လို့ရမယ်၊ ဝတ်ကျေတန်းကျေ အိမ်ထောင်တစ်ခုကို ဝယ်လို့ ရချင်ရမယ်၊ ဒါပေမဲ့ အချစ်ကို ဝယ်လို့မရဘူး၊ သာယာနွေးထွေးပြီး ပြီးပြည့်စုံတဲ့ အိမ်ထောင်တစ်ခုကို ဝယ်လို့မရဘူး...

 

ဆိုလိုတာက ပိုက်ဆံရှိဖို့ ဆိုတာကတော့ ကြိုးစားရမှာပဲ.. သို့သော် ဒါသည် ယောက်ျားရဖို့၊ မိန်းမရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူးပေါ့...

 

ဘာလို့ဆို ချစ်ပြီးမှ ဘဝစတဲ့သူလည်း ပိုက်ဆံလိုတာပဲ.. ဒီလိုပဲ အချစ်ကို ပိုက်ဆံနဲ့ မျှားပြီးမှ ဘဝကို စတဲ့သူလည်း ပိုက်ဆံလိုတာပဲ၊ ဒီတော့ ပိုက်ဆံကတော့ ပိုက်ဆံပဲ...

 

အဲ့တော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပေါ့.. ကိုယ်သည် ဘယ်ဘက်ကို ယိမ်းတဲ့သူလဲ...

 

ပိုက်ဆံလား၊ အချစ်လား၊ ဘဝလုံခြုံမှုလား၊ စိတ်ချမ်းသာမှုလား...

 

အလွှာတွေကတော့ အမျိုးမျိုး ရှိနေမှာပဲ.. ဒီလိုပဲ အလွှာတိုင်းမှာလည်း သူ့တန်ဖိုးနဲ့သူ ရှိနေမှာပဲ...

 

ကျန်တာကတော့ ကိုယ့်သမိုင်းကိုယ် ရေးကြရတာပါ.. သို့သော် လိပ်ပြာသန့်တဲ့ သမိုင်းဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့....

 

 

Credit;BoneKhantKyaw

Read times Last modified on Tuesday, 18 September 2018 16:08
Rate this item
(1 Vote)