ဟန်းနီးမွန်းထွက်ဖို့ မရွေးချယ်သင့်တဲ့နေရာများ

ဟန်းနီးမွန်းထွက်ဖို့ မရွေးချယ်သင့်တဲ့နေရာများ google.com

ဟန်းနီးမွန်းထွက်တဲ့အခါမှာ ဟန်းနီးမွန်းအတွက်အထူးသင့်တော်တဲ့ နေရာလေးတွေရှိသလို စိတ်အနှောင့်အယှက်နည်းနည်းဖြစ်စေတဲ့ ခရီးစဉ်လေးတွေလည်းရှိပါတယ်။

 

ညားခါစဇနီးမောင်နှံလေးတို့ရေ ဟန်းနီးမွန်းခရီးစဉ် ရွေးချယ်ပြီးပြီလား၊ ဟန်းနီးမွန်းထွက်တဲ့အခါမှာ ဟန်းနီးမွန်းအတွက် အထူးသင့်တော်တဲ့ နေရာလေးတွေရှိသလို စိတ်အနှောင့်အယှက်နည်းနည်းဖြစ်စေတဲ့ ခရီးစဉ်လေးတွေလည်း ရှိပါတယ်။ ပျော်ရွှင်ရတဲ့ဟန်းနီးမွန်းလေးဖြစ်ဖို့ ဘယ်လိုနေရာတွေမရွေးချယ်သင့်ဘူးလဲဆိုတာဖတ်ကြည့်ပါဦးနော်။

 

 

ဝန်ဆောင်မှု ညံ့တဲ့နေရာ

 

ဟန်းနီးမွန်းဆိုတာ ချစ်မေတ္တာလမ်းခရီးလမ်းကို နှစ်ယောက်အတူတူ စတင်ခြင်းပါပဲ။ ဒီလိုအချိန်မှာ စိတ်ညစ်ညူးစရာတွေ မဖြစ်စေဖို့အတွက် ဝန်ဆောင်မှုမကောင်းတဲ့ နေရာတွေမရွေးချယ်သင့်ပါဘူး။ ပြည်တွင်း၊ ပြည်ပ ဘယ်နေရာဖြစ်ဖြစ် ဟိုတယ်၊ အစားအသောက်၊ သွားလာရေးတွေမှာ ဝန်ဆောင်မှုကောင်းတာကိုရွေးပါ။ မဟုတ်ရင် ဟန်းနီးမွန်းမှာ ပျော်စရာထက်စိတ်ပျက်စရာတွေ တွေ့ရနိုင်ပါတယ်။

 

 

ခရီးကြမ်းတဲ့နေရာ

 

ခရီးကြမ်းတဲ့နေရာတွေကို မရွေးချယ်ပါနဲ့။ အပန်းဖြေဖို့သွားတဲ့ ဟန်းနီးမွန်းကအပန်းမပြေဘဲပိုပြီး ပင်ပန်းစေနိုင်တာကြောင့်ပါ။ ခရီးကြမ်းလို့ ပင်ပန်းထားတဲ့အခါ ချစ်တင်းနှောမယ့်ကိစ္စတွေမှာလည်း အနှောင့်အယှက် ဖြစ်စေမှာပါ။ ဒါကြောင့်ခရီးကြမ်းတဲ့နေရာတွေကို အထူးရှောင်ရပါမယ်။

 

 

ဆွေပြမျိုးပြ

 

ဟန်းနီးမွန်းထွက်တဲ့အခါမှာ ဆွေပြမျိုးပြ တစ်ချက်ခုတ် နှစ်ချက်ပြတ် ခရီးစဉ်တွေလည်းမစီစဉ်သင့်ပါဘူး။ ဆွေမျိုးတွေကြားမှာတော့ လင်မယားအချင်းချင်း ချစ်ခင်ကြင်နာပြလို့ မရတာတွေ၊ သူ့ဘက် ကိုယ့်ဘက် လူကြီးတွေကို အားနာနေရတာတွေရှိပြီး စိတ်အနှောင့်အယှက်တောင် ဖြစ်စေနိုင်ပါတယ်။ အကယ်လို့ ဆွေမျိုးတွေဆီ သွားမှဖြစ်မယ်ဆိုရင်လည်း တစ်ရက်ပဲသွားပြီး ကျန်တဲ့ရက်မှာတခြားနေရာကို ခရီးဆက်ပါ။ ဒါမှ အဆင်ပြေမှာပါနော်။

 

 

သူငယ်ချင်းတွေပေါများတဲ့နေရာ

 

ပျားရည်ဆမ်းကာလဆိုတာ အနားယူရမယ့်အချိန်ပါ။ ပျော်မယ်ပါးမယ်ဆိုရင်တောင် နှစ်ယောက်တည်းပဲဖြစ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူငယ်ချင်းတွေ ပေါတဲ့နေရာမှာဆိုရင် သူတို့နဲ့ပျော်ပါးနေတာနဲ့တင် နှစ်ဦးသား ကြည်နူးစရာကောင်းတဲ့ကိစ္စလေးတွေ မဆောင်ရွက်ရမှာစိုးတာကြောင့်ပါ။ ဒါကြောင့် နှစ်ဦးအေးဆေးနားနိုင်ဖို့အတွက် အပေါင်းအသင်းများတဲ့နေရာကို မရွေးချယ်ပါနဲ့နော်။

 

 

ရာသီဥတု

 

သွားမယ့်နေရာရဲ့ ရာသီဥတုကို မဖြစ်မနေကြည့်ပါ။ ရာသီဥတုဆိုးတာက စိတ်ညစ်စရာအကောင်းဆုံးပါ။ ပူလွန်းတာ၊ အေးလွန်းတာ၊ ဂျပန်လိုနေရာမျိုးဆိုရင် မုန်တိုင်း၊ ငလျင် မကြာခဏ ဖြစ်နေတတ်တာစတဲ့ ရာသီဥတု အဆင်မပြေတာတွေ မရွေးပါနဲ့။ ရာသီဥတုဆိုးတာက လေယာဉ် အပြောင်းအလဲတွေလည်း ဖြစ်နိုင်ပြီး စီစဉ်ထားတာတွေပါ ပျက်ကုန်နိုင်တာကြောင့်ပါ။ ဒါကြောင့် ရာသီဥတုဆိုးတဲ့နေရာတွေ မရွေးပါနဲ့။

မင်္ဂလာဦးဇနီးမောင်နှံလေးတို့ရေ ဟန်းနီးမွန်းမှာ မရွေးချယ်သင့်တဲ့ နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ အတတ်နိုင်ဆုံး ချင့်ချိန်စဉ်းစားပြီးမှ ခရီးစဉ်ဆွဲပါနော်။ ဒါမှ ပျော်စရာအပြည့်၊ ကြည်နူးစရာ တသက်မမေ့နိုင်စရာ ဟန်းနီးမွန်းလေး ဖြစ်မှာပါ။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 15:35
Rate this item
(1 Vote)