မြန်မာနိုင်ငံအတွင်း ပျားရည်ဆမ်းခရီးသွားရောက်ရန် အကောင်းဆုံးနေရာများ

မြန်မာနိုင်ငံအတွင်း ပျားရည်ဆမ်းခရီးသွားရောက်ရန် အကောင်းဆုံးနေရာများ google

ကိုယ့်မင်္ဂလာဆောင်အကောင်းဆုံးဖြစ်ဖို့ အတွက်အလုပ်တွေအရှုပ်ခံပြီး စီစဉ်ပြင်ဆင်ရတာတွေကြောင့် မင်္ဂလာဧည့်ခံပွဲပြီးတဲ့အချိန်မှာ

စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြတာ သတို့သား၊သတို့သမီးတို့အတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါပဲ။

ဒီလိုအချိန်မျိုးမှာအလိုအပ်ဆုံးကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပျားရည်ဆမ်းခရီးကို သွားရောက်လည်ပတ်ဖို့ ပါပဲ။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လည်ပတ်စရာနေရာများထဲက ပျားရည်ဆမ်းခရီးသွားရောက်လည်ပတ်ရန် အကောင်းဆုံးနေရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

ပျားရည်ဆမ်းခရီးအတွက် ကုန်ကျစရိတ်များမယ့် လည်ပတ်စရာနေရာများ
ယခုဖော်ပြမယ့်နေရာတွေကတော့ ပျားရည်ဆမ်းခရီးသွားရောက်လည်ပတ်မယ့် မင်္ဂလာမောင်နှံအတွက် ကုန်ကျစရိတ်များမှာဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အလှဆုံးနေရာတွေလို့ တောင်ပြောလို့ ရပါတယ်။

 

myeik min


ပထမဦးဆုံးပြောပြချင်တာက မြိတ်ကျွန်းစုများလို့ အများခေါ်ကြတဲ့ မြန်မာနိုင်ငံတောင်ဘက်အစွန်းက ကော့သောင်းမြို့ အနီးမှာတည်ရှိတဲ့ အန်ဒမန်ပင်လယ်ထဲက ကျွန်းစုတွေပဲဖြစ်ပါတယ်။
ရင်သပ်ရှုမောလောက်အောင် လှပတဲ့မြိတ်ကျွန်းစုတွေဟာ လူအရောက်အပေါက်နည်းပါးလှတဲ့အတွက် အပျိုစင်ကျွန်းစုများလို့ တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနယ်စပ် (မြန်မာနိုင်ငံဧရိယာအတွင်း) မှာတည်ရှိနေတဲ့အဆိုပါကျွန်းတွေဟာ ဘယ်လောက်တောင်လှသလဲဆို ထိုင်းနိုင်ငံသားတွေကပါ မကြာခဏလာရောက်လည်ပတ်ပြီး ရေအောက်အလှတွေကို လာကြည့်ကြတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရှိရပါတယ်။

ကြက်မောက်ကျွန်း၊ မြင်းခွာကျွန်း၊ စေတန်ကျွန်း နဲ့ အခြားကျွန်းစုများကို သွားရောက်လည်ပတ်နိုင်ပါတယ်။ ကုန်ကျစရိတ်ကတော့ လေယာဉ်ခ နဲ့ ဟိုတယ်ခ များအပါအ၀င် တစ်ဦးကို ၆ သိန်းကျပ်ဝန်းကျင်ခန့် ကျသင့်မှာဖြစ်ပါတယ်။

 

Napali min


နောက်ထပ်ပြောပြချင်တဲ့တစ်နေရာကတော့ ရခိုင်ပြည်နယ်သံတွဲမြို့ အနီးမှာတည်ရှိတဲ့ ငပလီ ကမ်းခြေပဲဖြစ်ပါတယ်။ မြိတ်ကျွန်းစုတွေနာမည်မကြီးခင်က ငပလီဆိုတာ မြန်မာနိုင်ငံမှာအလှဆုံးကမ်းခြေတစ်ခုပါ။
ငပလီကမ်းခြေမှာတော့ ပင်လယ်စာကောင်းကောင်းစားသောက်နိုင်ပြီး မြိတ်ကျွန်းစုကိုသွားရောက်လည်ပတ်ဖို့ အဆင်မပြေတဲ့သူတွေကတော့ ငပလီကမ်းခြေကိုသွားရောက်လည်ပတ်သင့်ပါတယ်။

ဟိုတယ်ဈေးနှုန်းများကတော့ အများဆုံး တစ်ညကို ၁၀ သိန်းကျပ်ဝန်းကျင် လောက်ကနေ အနည်းဆုံး ၂ သောင်း ၃ သောင်းကျပ်အထိရှိပါတယ်။ ငပလီကမ်းခြေကရေကတော့ အတော်အသင့်ကြည်လင်ပြီး ငပလီကမ်းခြေမှတစ်ဆင့်သွားရောက်လည်ပတ်လို့ ရတဲ့ ပုလဲကျွန်း၊ ဂေါ့ကျွန်းတို့ မှာတော့ ရေအောက်ထဲငုပ်လို့ ရလောက်အောင်ကို ရေတွေကြည်လင်ပါတယ်။

ငပလီကိုတော့ လေယာဉ်နဲ့ သာမက ကားနဲ့ ပါသွားရောက်လည်ပတ်နိုင်ပါတယ်။ ငပလီကမ်းခြေကို အဝေးပြေးကားနဲ့ သွားရောက်မယ်ဆိုရင်တော့ ကားခ ၁ သောင်း ၅ ထောင်ကျပ်ခန့် ကျသင့်မှာဖြစ်ပြီး လေယာဉ်နဲ့ သွားမယ်ဆိုရင်တော့ ၈ သောင်းကျပ်ခန့် ကျသင့်မှာဖြစ်ပါတယ်။

 

ပျားရည်ဆမ်းခရီးအတွက် ဈေးသက်သက်သာသာနဲ့ လည်ပတ်လို့ ရမယ့်နေရာများ
ယခုဖော်ပြမယ့်နေရာတွေကတော့ ဇနီးမောင်နှံအသစ်စက်စက်လေးတွေအတွက် ဈေးသက်သက်သာသာနဲ့ ပျားရည်ဆမ်းခရီးအဖြစ်သွားနိုင်မယ့် နေရာဒေသတွေပဲဖြစ်ပါတယ်။

 

Bagan min


ပထမဦးဆုံးပြောပြချင်တာကတော့ ပျားရည်ဆမ်းခရီးအတွက် ဈေးသက်သက်သာသာနဲ့ လည်ပတ်လို့ ရမယ့်နေရာတွေထဲက ပုဂံမြေပဲဖြစ်ပါတယ်။
“လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း ” ဆိုတဲ့ ဆိုရိုးစကားအတိုင်း ပုဂံမှာရှိတဲ့ စေတီပုထိုးတွေဟာ လက်ညှိုးထိုးလို့  မလွဲနိုင်လောက်အောင်ကို များပြားလှပါတယ်။ မြန်မာ့ယဉ်ကျေးမှုရဲ့ အမွေအနှစ်ဖြစ်တဲ့ ပုဂံမြေကို ကြင်စဦးဇနီးမောင်နှံနှစ်ယောက် ပျားရည်ဆမ်းခရီးသွားရတယ်ဆိုတာ တကယ်ကို ပျော်ရွှင်စရာကောင်းပါတယ်။

ရန်ကုန်ကနေ ပုဂံကို ကား၊ ရထား၊ သဘောင်္၊ လေယာဉ် အစရှိတာတွေနဲ့ သွားရောက်လည်ပတ်နိုင်ပါတယ်။ အဝေးပြေးကားနဲ့ အဓိကသွားလေ့ရှိကြပြီး ကားလက်မှတ်ကတော့ ရိုးရိုးဆို ၁ သောင်းကျပ်ဝန်းကျင်နဲ့  အထူးဆို ၂ သောင်းကျပ်ဝန်းကျင်ခန့် ရှိပါတယ်။

ပုဂံမှာလည်ပတ်ဖို့ အတွက်လည်း အဆင်အပြေဆုံးက E-bike လို့ ခေါ်တဲ့ လျှပ်စစ်ဆိုင်ကယ်လေးတွေပါ။ တစ်နေ့လုံးငှားမှ ၈၀၀၀ ကျပ်ခန့် သာပေးရပါတယ်။ ပုဂံဟိုတယ်တွေကလည်း ဈေးသက်သက်သာသာနဲ့ တည်းခိုလို့ ရပါတယ်။ ၁၅၀၀၀ ကျပ်ခန့် မှစပြီး သိန်းကျော်တဲ့အထိ ဈေးနှုန်းအမျိုးမျိုးထဲက ရွေးချယ်တည်းခိုနိုင်ပါတယ်။ ဒါ့အပြင် လက်ပန်းချီလေးတွေလည်း ဆွဲပြီးဓာတ်ပုံရိုက်မှတ်တမ်းတင်နိုင်တဲ့အတွက် ဇနီးမောင်နှံနှစ်ဦးအတွက် အမှတ်တရဖြစ်စေမယ့် ပျားရည်ဆမ်းခရီးတစ်ခုကို ပုဂံမြေမှာဖန်တီးနိုင်မှာဖြစ်ပါတယ်။

 

Taunggyi min


နောက်ထပ်လည်ပတ်လို့ ကောင်းမယ့်နေရာတွေကတော့ ရှမ်းပြည်နယ်ဘက်က တောင်ကြီး၊ အင်းလေး၊ ပြင်ဦးလွင်တို့ ပဲဖြစ်ပါတယ်။ တောင်ကြီးကို ပျားရည်ဆမ်းခရီးထွက်မယ်ဆိုရင်တော့ လူအများနဲ့ ပျော်ပျော်ပါးပါးနေတတ်သူတို့ အတွက် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲကိုသွားသင့်ပါတယ်။

တောင်ကြီးကို ကားလမ်းနဲ့ သွားလို့ရပြီး လေယာဉ်ပျံနဲ့ လည်းသွားလို့ ရပါတယ်။ လေယာဉ်နဲ့ သွားမယ်ဆိုရင်တော့ ဟဲဟိုးလေဆိပ်ကနေ တောင်ကြီးကို ကားတစ်ဆင့်ပြန်စီးရပါတယ်။ တောင်ကြီးမြို့ရဲ့ဟိုတယ်ဈေးနှုန်းတွေကတော့ ၂ သောင်းကျပ်ခန့် ကစပြီး ကျပ်သိန်းကျော်တဲ့ အထိရှိပါတယ်။ ရွှေဘုန်းပွင့်ဘုရား၊ စူဠာမုနိဘုရား၊ အေးသာယာစားသောက်ဆိုင်၊ အေးသာယာဝိုင်ပြုလုပ်တဲ့ခြံနဲ့ အခြားသောလည်ပတ်စရာများလည်း တောင်ကြီးမြို့ မှာ တည်ရှိနေပါတယ်။

 

Innlaylake min


အင်းလေးကို သွားမယ်ဆိုရင်တော့ တောင်ကြီးကနေ ညောင်ရွှေ၊ ညောင်ရွှေကနေမှ အင်းလေးကန်ထဲကိုသွားမယ့်လှေကို ငှားရုံပါပဲ။ မြန်မာပြည်ရဲ့ ဗင်းနစ်မြို့ လို့ တင်စားလို့ ရလောက်တဲ့ အင်းလေးကန်ကိုလည်း ပျားရည်ဆမ်းခရီးသွားသူအများအပြားရှိနေပါတယ်။

အင်းလေးမှာတော့ တည်းခိုခန်း၊ ဟိုတယ်ဈေးတွေက ၂ သောင်း ၃ သောင်း ကျပ်ခန့် ကနေစပြီး ကျပ် ၂ သိန်းကျော်ဝန်းကျင်လောက်အထိ ရှိပါတယ်။ အင်းလေးဖောင်တော်ဦးဘုရား၊ ရက်ကန်းရုံ၊ ငွေထည်ပစ္စည်းအရောင်းပြခန်းနဲ့ အခြားသောလည်ပတ်စရာနေရာတွေအင်းလေးကန်မှာ တည်ရှိပါတယ်။

 

pyinoolwin min


မေမြို့(သို့ မဟုတ်) ပြင်ဦးလွင်ဆိုတဲ့ တောင်ပေါ်မြို့ ကလေးက အေးအေးချမ်းချမ်းနဲ့ အနားယူချင်တဲ့ ဇနီးမောင်နှံတွေအတွက် အကောင်းဆုံးပျားရည်ဆမ်းခရီးဖြစ်မှာအသေအချာပါပဲ။ ပြင်ဦးလွင်မြို့ ရဲ့ တည်းခိုခန်းဈေးနှုန်းတွေကတော့ အနည်းဆုံး ၂ သောင်းကျပ်ဝန်းကျင်ကနေ ကျပ်သိန်းကျော်တဲ့အထိ ရှိပါတယ်။လည်ပတ်စရာနေရာတွေအနေနဲ့ ဓာတ်တော်ချိုင့်ရေတံခွန်၊ ပွဲကောက်ရေတံခွန်၊ ဒီဇင်ဘာခြံ၊ မဟာအံ့ထူးကံသာဘုရား၊ ဂုတ်ထိပ်တံတား၊ ပြင်ဦးလွင်မြို့အဆင်းက ဒီးဒုတ်ရေပြာအိုင်နဲ့ အခြားသောလည်ပတ်စရာတွေလည်း တည်ရှိနေပါသေးတယ်။ စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးလည်ပတ်ချင်တဲ့ ပျားရည်ဆမ်းဇနီးမောင်နှံတွေအတွက်တော့ ပြင်ဦးလွင်မြို့လေးကလည်း စောင့်ကြိုလျက်ရှိနေပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Friday, 08 February 2019 16:01
Rate this item
(1 Vote)