သာယာနေတဲ့ အိမ်ထောင်ရေးကို ယိုင်နဲ့စေမယ့် အမှန်တရားတစ်ခုကို ပြောသင့်လား ........ ဖုံးကွယ်ထားပေးသင့်လား......

သာယာနေတဲ့ အိမ်ထောင်ရေးကို ယိုင်နဲ့စေမယ့် အမှန်တရားတစ်ခုကို ပြောသင့်လား ........ ဖုံးကွယ်ထားပေးသင့်လား......

ကျွန်မမှာ ငယ်ငယ်လေးကတည်း ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူမက ရုပ်ရည်ချောမောတဲ့အပြင် တည်ငြိမ်ရင့်ကျက်တဲ့ အိမ်ရှင်မတစ်ယောက်ပေါ့။ အိမ်ထောင်မကျခင်က

လုပ်ငန်းခွင်မှာ ထိုက်သင့်တဲ့နေရာရထားတဲ့ ကျွန်မရဲ့ သူငယ်ချင်းလေးဟာ အလုပ်အကိုင်တွေအားလုံးကိုပစ်ပြီး အိမ်ထောင်ရှင်မဘဝကို ကျေနပ်စွာခံယူခဲ့တယ်။ ခင်ပွန်းသည်ရဲ့ အိမ်ဂေဟာကိုအလှဆင်ရင်း သားတစ်ယောက်သမီးတစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလေးပေါ့။

 

ကျွန်မသူငယ်ချင်းရဲ့ မိသားစုဘဝကို ကျွန်မအမြဲအားကျခဲ့ရတယ်။ သူမရဲ့ခင်ပွန်းဟာ အိမ်ထောင်ကျပြီး (၇) နှစ်အကြာမှာတောင် သူမကို အံ့သြစေမယ့်လက်ဆောင်တွေ၊ ခရီးအတူတူထွက်တာတွေ၊ အပြင်မှာ ညစာစားတာတွေနဲ့ သူမကို အမြဲပျော်ရွှင်စေတယ်လေ။ နှစ်ဖက်မိဘတွေကလည်း လူကုန်ထံအသိုင်းအဝိုင်းဆိုတော့ သူတို့နှစ်ယောက်ရဲ့ဘဝဟာ အားကျစရာတွေနဲ့ ပြည့်နှက်လို့ပေါ့။

 

ဒါပေမဲ့လေ…။

အဲ့ဒီဇာတ်လမ်းလေးကို အကျည်းတန်စေမယ့် အမှန်တရားတစ်ခုကို ကျွန်မသိထားတယ်။ အဲ့တာကတော့ ကျွန်မသူငယ်ချင်းရဲ့ အမျိုးသားဖောက်ပြန်နေတယ်ဆိုတာကို ကျွန်မသိလိုက်ရတာပါပဲ။ ကျွန်မက ခရီးသွားလမ်းညွှန်တစ်ယောက်ဆိုတော့ ကျွန်မရဲ့ခရီးသည်တွေကို ခေါ်ဖို့အတွက်သူတို့တည်းခိုနေတဲ့ ဟိုတယ်တွေဆီကို သွားရပါတယ်။ တစ်နေ့မှာ ဧည့်ကြိုကောင်တာနားမှာ စောင့်နေရင်း ကျွန်မသူငယ်ချင်းရဲ့ အမျိုးသားကို ကောင်မလေးတစ်ယောက်နဲ့အတူ ထွက်လာတာကိုတွေ့လိုက်ပါတယ်။ လုပ်ငန်းကိစ္စတစ်ခုခုကြောင့် လာကြမှာလို့ တွေးရင်း ကျွန်မလည်း အဲ့ဒီကိစ္စကိုမေ့မေ့ပျောက်ပျောက်ပါပဲ။

 

နောက်တစ်ပတ်လောက်နေတော့ စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေတုန်း ကျွန်မသူငယ်ချင်းအမျိုးသားကို အဲ့ဒီကောင်မလေးနဲ့ပဲ တွေ့ပြန်ပါတယ်။ ကောင်မလေးလက်ကိုကြင်ကြင်နာနာကိုင်ထားတာ၊ ဟင်းတွေခူးခပ်ပြီး ကျွေးနေတာတွေက သိပ်ချစ်တတ်တဲ့ စုံတွဲတွေဆိုတာကို ဖော်ပြနေသလိုပါပဲ။ ကျွန်မရင်ထဲမှာ အမျိုးအမည်မသိတဲ့ ဝေဒနာတွေနဲ့ တင်းကြပ်သွားမိတယ်။

 

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

 

ကျွန်မသူငယ်ချင်းကို သတိပေးရကောင်းလား၊ မြိုသိပ်ထားရကောင်းမလားနဲ့ တွေဝေနေတဲ့ကာလမှာပဲ ကျွန်မဧည့်သည်တွေနဲ့အတူ ပုဂံဘက်ကိုထွက်လာခဲ့ရတယ်။ ပုဂံရောက်တော့ မျှော်လင့်မထားတဲ့သူ့ကို ထပ်ပြီးတွေ့ပြန်တယ်။ ကျွန်မသူငယ်ချင်းရဲ့ အမျိုးသားပေါ့။ ကျွန်မတည်းတဲ့ ဟိုတယ်မှာပဲ သူနဲ့ ကောင်မလေး တည်းနေခဲ့တယ်။ ဟိုတယ် reception က ဧည့်ကြိုတွေကလည်း သူတို့အကြောင်းကို အားကျစွာပြောဆိုနေခဲ့ကြတယ်။

 

ဟိုတယ်ကို မကြာခဏလာတဲ့ ဒီဇနီးမောင်နှံနှစ်ယောက်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက သုံးလေးလတစ်ခါလာပေမယ့် ဘယ်တော့လာလာ ညားခါစဇနီးမောင်နှံတွေလို ချစ်ခင်နေတာပဲဆိုတဲ့ စကားသံတွေကြားတော့ ကျွန်မအဲ့ဒီနေရာမှာ လွင့်စင်သွားသလို ခံစားလိုက်ရတယ်။

 

ညဖက်ရောက်တော့ ကျွန်မသူငယ်ချင်းကိုဖုန်းဆက်တော့ ဟိုအကြောင်းဒီအကြောင်းတွေ ဝေ့ပတ်ပြောပြီး သူ့ခင်ပွန်းအကြောင်းမေးရတာပေါ့။

 

ဘာမှမသိရှာတဲ့ သူမကတော့ သူမခင်ပွန်းက နိုင်ငံခြားကဧည့်သည်တွေကို ပုဂံလိုက်ပို့နေတဲ့အကြောင်း၊ သူမကို ဖုန်းပုံမှန်ဆက်တဲ့အကြောင်း၊ အခုခရီးကပြန်လာရင် သူတို့မိသားစု ဘန်ကောက်ကို အလည်သွားမယ့်အကြောင်းတွေ ပြောရှာတယ်။

 

ပုဂံမသွားခင်က သူမခင်ပွန်းက ဘယ်လို surprise တွေနဲ့ ဘယ်လိုလက်ဆောင်တွေပေးသွားတာ၊ အိမ်ကကလေးတွေကို ကစားကွင်းလိုက်ပို့တာတွေ ဆက်ပြောနေပေမယ့် ကျွန်မကောင်းကောင်းမကြားရတော့ပါဘူး။

 

စကားပြောတဲ့အခါ အပြုံးလေးနဲ့ ပြောတတ်တဲ့ ကျွန်မသူငယ်ချင်းမလေးရဲ့ မျက်နှာ၊ အခြားကောင်မလေးနဲ့ ဖောက်ပြန်နေတဲ့ သူမခင်ပွန်းရဲ့ ပုံရိပ်တွေကို မြင်ယောင်ရင်း ကျွန်မတွေဝေနေမိတယ်။ ကျွန်မသူငယ်ချင်းကို ဖွင့်ပြောပြီး နာကျင်စေမလား။ မသိချင်ယောင်ဆောင်နေရတော့မလား။

 

ကျွန်မဘာလုပ်ရမလဲဟင်….။

Credit: Gadawin Magazine

Read times Last modified on Thursday, 06 December 2018 16:04
Rate this item
(2 votes)