ရခိုင်လူမျိုးတို့ရဲ့ စေ့စပ်ပွဲ ဓလေ့များ

ရခိုင်လူမျိုးတို့ရဲ့ စေ့စပ်ပွဲ ဓလေ့များ google

မြန်မာနိုင်ငံမှာ အတူတကွ နေထိုင်ကြတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေမှာ မတူညီတဲ့ ဘာသာစကားတွေ၊ မတူညီတဲ့ ဝတ်စားဆင်ယင်မှုတွေ၊ မတူညီတဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေ ရှိကြသလိုပဲ ဘဝအတွက် အရေးကြီးတဲ့ လက်ထပ် မင်္ဂလာပွဲတွေမှာလည်း ကွဲပြားတဲ့ ဓလေ့တွေနဲ့ ခြားနားတဲ့ အယူအဆတွေ ရှိကြပါတယ်။

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတွေမှာ ရခိုင်လူမျိုးတွေ ပါမယ်ဆိုရင် စေ့စပ်ပွဲ လုပ်တဲ့အခါ သတိပြုနိုင်ဖို့နဲ့ အမှားအယွင်းတွေနည်းအောင်လို့ ရခိုင်လူမျိုးတို့ရဲ့ စေ့စပ်ပွဲဓလေ့တွေအကြောင်း သိသလောက် ပြောပြပေးပါမယ်။

 

စေ့စပ်ကြောင်းလမ်းပွဲ

 

ရခိုင်လူမျိုးတို့ စေ့စပ်ကြောင်းလမ်းတဲ့ အခါ မိန်းကလေးရဲ့ အိမ်မှာပဲ စေ့စပ်ပွဲကို ပြုလုပ်ကြပါတယ်။ သတို့သမီးလောင်းလေး ထိုင်မယ့်နေရာရဲ့ ဘေးဘက် လက်ဝဲ၊ လက်ယာ တစ်ဖက်စီမှာ အိမ်ထောင်ကျပြီးသား အမျိုးသမီးတစ်ဦးစီက ထိုင်ရပါတယ်။ ဆွေမျိုးတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကတော့ အဲ့အရှေ့မှာ နေရာယူရပါတယ်။ ဧည့်သည်တွေရောက်နေပေမယ့် သတို့သမီးလောင်းလေးကတော့ လူမြင်ကွင်းကို မထွက်လာရသေးပါဘူး။

 

သတ်မှတ်ထားတဲ့ မင်္ဂလာအချိန်ရောက်တဲ့အခါမှာတော့ သတို့သားဘက်က မိဘဆွေမျိုးတွေ လာရောက်ရပါတယ်။ လာတဲ့အခါမှာတော့ သတို့သမီးလေးကို တင်တောင်းမယ့် ရွှေ၊ လက်ဝတ်ရတနာ စတာတွေ အပြင် သတို့သမီးလေးကို ဆင်မြန်းပေးမယ့် ပန်းတွေ၊ စားစရာ မုန့်အချိုတွေနဲ့ ကောက်ညှင်းပေါင်းတွေကို ငွေဖလားနဲ့ ထည့်ယူလာရပါတယ်။ ငွေဖလား ဘယ်နှလုံးသယ်လာရမလဲဆိုတာကတော့ ကိုယ်သယ်ယူလာမယ့် ပစ္စည်းတွေပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် ဖလားအရေအတွက်ကတော့ မဂဏန်း ဖြစ်ရမယ်လို့တော့ သိရပါတယ်။

 

သတို့သား ဘက်က လူကြီးစုံညီတဲ့အခါမှာတော့ သတို့သမီးလေးက အမျိုးသမီးအရံ တစ်ဦးနဲ့ အတူထွက်လာရပြီး သတ်မှတ်ထားတဲ့ နေရာမှာ ဝင်ထိုင်ရပါတယ်။ အဲ့အခါမှာ သတို့သားရဲ့ မိခင်(သို့မဟုတ်)အစ်မ ဖြစ်သူက သတို့သမီးလေးကို အသင့်ယူဆောင်လာတဲ့ ပန်းတွေ ဆင်မြန်းပေး၊ မုန့်အချိုတွေ ပေးရပါတယ်။ အဲ့လို လုပ်တာဟာ သတို့သမီးလေးကို မိဘတွေထံကနေ တောင်းရမ်းစေ့စပ်တာ ဖြစ်ပြီး ရခိုင်လိုတော့ ကတိသစ္စာပြုခြင်း အထိမ်းအမှတ်လို့ သတ်မှတ်ပါတယ်။

 

ပန်းပန်ပေးပြီးရင်တော့ ယူဆောင်လာတဲ့ ရွှေငွေ လက်ဝတ်ရတနာတွေကို ရွှေချိန်နဲ့ ချိန်ပြီး သတို့သမီးလေးကို ဆင်မြန်းပေးရပါတယ်။ သတို့သမီးလေးက သူမကို ပန်းပန်ပေး လက်ဝတ်ရတနာ ဆင်မြန်းပေးတဲ့ ယောက္ခမလောင်း(သို့မဟုတ်)ယောက်မလောင်း ကို အရိုအသေပြု ကန်တော့ပြီးရင်တော့ စေ့စပ်မင်္ဂလာ အောင်မြင်အထမြောက်သွားပါပြီ။

 

အဲ့ဒီနောက်မှာတော့ နှစ်ဖက်မိဘတွေက မင်္ဂလာရက်အတွက် ညှိနှိုင်းဆွေးနွေးကြရပါတယ်။ နှစ်ဖက်အပြန်အလှန် ဆွေးနွေးပြီး ရက်တစ်ရက်ရွေးချယ်သတ်မှတ်ကာ ဆွေမျိုးပရိတ်သတ်တွေကို မင်္ဂလာရက် ကြေညာပေးရပါတယ်။ မင်္ဂလာရက် ကြေညာပြီးတဲ့အခါမှာတော့ ဧည့်သည်တွေ၊ နှစ်ဖက်ဆွေမျိုးတွေကို ဧည့်ခံကျွေးမွေးရပါတယ်။ သတို့သားဘက်က ငွေဖလားထဲ ထည့်ယူလာတဲ့ မုန့်အချိုတွေကို သတို့သမီးဘက်က ယူထားရပြီး သတို့သားဘက်က မိဘဆွေမျိုးတွေ ပြန်တဲ့အခါမှာတော့ အဲ့ငွေဖလားထဲကို သတို့သမီးဘက်က စီစဉ်ထားတဲ့ မုန့်တွေ ပြန်လည်ထည့်ပေးလိုက်ရပါတယ်။

 

အခုပြောပြခဲ့တာက ရခိုင်လူမျိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ စေ့စပ်ဓလေ့ထုံးတမ်းတွေ ဖြစ်ပေမယ့် နေထိုင်ရာ အရပ်ဒေသ၊ မိသားစုစည်းမျဉ်း စတာတွေကြောင့်လဲ ဓလေ့တွေ အနည်းငယ် ကွဲပြားတတ်ပါတယ်နော်။

 

 

Credit;Marry

Read times Last modified on Wednesday, 16 January 2019 09:55
Rate this item
(1 Vote)