မင်္ဂလာပွဲလေးကို ဘုန်းကြီးကျောင်းမှာလုပ်မယ်ဆိုရင်

မင်္ဂလာပွဲလေးကို ဘုန်းကြီးကျောင်းမှာလုပ်မယ်ဆိုရင် google

ဘုန်းကြီးကျောင်းမှာ မင်္ဂလာပွဲလေးလုပ်မယ်လို့တွေးထားလား၊

ဘုန်းကြီးကျောင်းမှာ မင်္ဂလာပွဲလေး ကျင်းပမယ်ဆိုရင် အစစအရာရာ အဆင်ပြေအောင် စီစဉ်ဖို့လိုပါတယ်။ မင်္ဂလာဆွမ်းကပ်ရင်း မင်္ဂလာပွဲထွက်လည်း တပြိုင်တည်း ကျင်းပချင်တဲ့သူတွေကတော့ ပွဲထွက်လို့ရမယ့်ဘုန်းကြီးကျောင်းမှာပဲ စီစဉ်ကြတာများပါတယ်။ ဒါပေမယ့် အကုန်လုံးအဆင်ပြေအောင် သတိထားရမယ့်အချက်တွေတော့ ရှိပါတယ်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်ပါဦးနော်။

 

ဧည့်ခံမယ့်သူ

ဟိုတယ်မှာဆိုရင်တော့ ပွဲထွက်မယ်ဆိုရင် လူအားလုံးစုံမှ တည့်ခင်းကျတာဆိုတော့ သီးသန့်ကြီးနေရာချပေးစရာ မလိုဘူးပေါ့နော်။ ဘုန်းကြီးကျောင်းမှာဆိုရင်တော့ ကြွရောက်လာမယ့်သူတွေကို ထိုင်ခုံနေရာစီစဉ်ပေးတာ၊ ဧည့်ကြို ကြိုပေးတာမျိုးလုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ မဟုတ်ရင် ကြွရောက်လာတဲ့ ဧည့်သည်တွေက ဘယ်နေရာမှာ အဆင်ပြေမလဲ ရှာနေရနိုင်ပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ ဧည့်ခံမယ့်သူ သက်သက်ထားထားပေးပေမယ့် အဆင်မပြေတာတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဧည့်ခံပေးမယ့်သူကို ဦးစီးမယ့်ကိုယ့်မိသားစုဝင်တစ်ယောက် ရှိနေပါစေနော်။

 

အစားအသောက်

အစားအသောက်ကတော့ အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ ဘုန်းကြီးကျောင်းတွေမှာဆိုရင် အကျွေးအမွေးကို သူတို့စီစဉ်ပေးတာယူရတဲ့ ကျောင်းရှိသလို ကိုယ်တိုင်စီစဉ်လို့ရတဲ့ကျောင်းလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လောက်ငှဖို့အတွက် သတိထားပေးပါနော်။ စားပွဲဝိုင်းတွေကို စားစရာတွေလိုက်ချတဲ့အခါမှာ ဝိုင်းစေ့ လာတဲ့လူအကုန်ဆီ ရောက်ရဲ့လားဆိုတာသတိပြုပါ။ အစားအသောက် ပြင်ပေးမယ့်သူတွေ ငှားထားပေမယ့် ဧည့်ပရိသတ်များလို့ပဲ ဖြစ်ဖြစ် မနိုင်ဝန်တွေဖြစ်တတ်ပါတယ်။ တချို့ဆိုရင် ကိုယ့်ဝိုင်းဆီ ဟင်းချိုမရောက်လို့ အချဉ်မရောက်လို့ဆိုပြီး မစားဖြစ်လိုက်တာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ မိသားစုဝင်နှစ်ယောက်လောက်ကို ဦးဆောင်ခိုင်းပါနော်။

 

ကားပါကင်

ဘုန်းကြီးကျောင်းဝင်းထဲမှာ ကားပါကင်အဆင်ပြေလား ဆိုတာလည်း သတိထားရမယ့်အချက်ပါ။ ကိုယ့်ဆီ လာမယ့်ဧည့်ပရိသတ်တွေ ကားပါကင်အဆင်ပြေဖို့လည်းဆောင်ရွက်ရမှာပါ။ ကိုယ့်ရဲ့ ဧည့်သည်တွေအဆင်ပြေဖို့ ဦးစားပေးပါနော်။

 

သီချင်းနဲ့ အဝတ်အစား

တချို့ဘုန်းကြီးကျောင်းတွေကတော့ သီချင်းဖွင့်လို့ရပေမယ့်တချို့ကတော့ မရပါဘူး။ ဒီတော့ ကိုယ်ကဘယ်လိုပွဲမျိုးလေး ကျင်းပချင်လဲဆိုတာစဉ်းစားပြီးမှ ဘုန်းကြီးကျောင်းရွေးပါ။ နောက်တစ်ခုကတော့ အဝတ်အစားပါ။ သတို့သမီးလေးတို့ ဝတ်စုံဒီဇိုင်းကို အရမ်းအဆန်းကြီးတော့ ဝတ်ဖို့အဆင်မပြေလောက်ပါဘူး။ ဒီအချက်ကိုလည်း သတိထားပေးပါနော်။

 

မီးအပြင်အဆင်

ဘုန်းကြီးကျောင်းမှာဆိုရင် မီးအပြင်အဆင်ကိုလည်းသတိထားရပါမယ်။ ခန်းမက အလင်းရောင်ကောင်းကောင်းရတဲ့ ခန်းမလားဆိုတာအရင်ကြည့်ပါ။ အလင်းရောင် အဆင်မပြေဘူးဆိုရင် ကင်မရာရိုက်ပေးမယ့်သူကို ကြိုတင်ပြီး ပြောထားပါ။ ဒါမှ ဓါတ်ပုံနဲ့ ဗီဒီယိုကို ကြည်ကြည်လင်းလင်းလေး ရမှာပါ။

 

ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်မယ့်စုံတွဲလေးတို့ သတိထားရမယ့်အချက်တွေကိုသိထားပြီးပြီိဆိုရင်တော့ ကြိုတင်ပြီး ပြင်ဆင်ထားလို့ရပါပြီနော်။

 

Source : Marry

Myanmar Wedding Guide

Read times Last modified on Wednesday, 27 February 2019 11:40
Rate this item
(0 votes)