သတို့သမီးလေးရဲ့အလှတရားကို ပိုပေါ်လွင်အောင်ဝတ်စုံဘယ်လိုရွေးချယ်မလဲ

သတို့သမီးလေးရဲ့အလှတရားကို ပိုပေါ်လွင်အောင်ဝတ်စုံဘယ်လိုရွေးချယ်မလဲ google.com

သတို့သမီးလေးအတွက်ဝတ်စုံကို အလှဆုံး၊ အဆန်းဆုံးဆိုတာကို ရွေးချယ်ပေးတတ်ကျပါတယ်။

သတို့သမီးလေးတစ်ယောက်တည်းလှနေရုံနဲ့တော့ မင်္ဂလာပွဲလေးကပြီးပြည့်စုံနိုင်မှာမဟုတ်ပါဘူး။ သတို့သမီးလေးအလှကိုဘေးနားကနေ အကောင်းဆုံးထောက်ပံ့ပေးမယ့် သတို့သမီးအရံလေးတွေကိုလည်းလှပအောင်ပြင်ဆင်ပေးရမှာပါ။ အဲဒါဆိုရင်တော့ သတို့သမီးဝတ်စုံနဲ့သတို့သမီးအရံဝတ်စုံတွေကြားကကွာခြားချက်ကို သေချာသိထားမှဖြစ်မှာပါ။ အလှတရားဆိုတာဝတ်စုံတိုင်းမှာ ရှိပေမယ့် သတို့သမီးအရံဝတ်စုံနဲ့ သတို့သမီးဝတ်စုံလိုက်ဖက်ညီမှု ရှိဖို့ဆိုတာကိုလည်း သိထားရမှာပါ။ သတို့သမီးလေးနဲ့ သတို့သမီးအရံလေးတွေကြားက လိုက်ဖက်အညီဆုံးဝတ်စုံကို ရွေးချယ်နိုင်ဖို့အတွက် ကွာခြားချက်လေးတွေကို သတိပြုနိုင်အောင်ပြောပြလိုက်ရပါတယ်။

 

အရောင်မတူပါစေနဲ့

သတို့သမီးလေးနဲ့ သတို့သမီးအရံလေးတွေရဲ့ကွာခြားချက်ကိုသိသာစေချင်တဲ့အချိန်မှာတော့ ဝတ်စုံအရောင်ကိုမတူတာမျိုး ရွေးချယ်ပေးပါ။ သတို့သမီးအရံလေးတွေကြားမှာ သတို့သမီးလေးကထင်းနေအောင်လို့ပါ။ သတို့သမီးအရံဝတ်စုံလေးတွေက သတို့သမီးလေးအလှကို အစွမ်းကုန်ပံ့ပိုးပေးနိုင်ဖို့အတွက်ပါ။ အရောင်မတူတဲ့အချိန်မှာ အများကြားကအလှတရားလေးက ပိုမိုသိသာထင်ရှားလာနိုင်ပါတယ်။

 

ဆန့်ကျင်ဘက်နှစ်ခုကိုပေါင်းစပ်ပါ

မတူညီတဲ့အရာတွေပေါင်းစပ်လိုက်ခြင်းက အကောင်းဆုံးအလှကို ဖန်တီးပေးနိုင်ပါတယ်။ မတူညီတဲ့ဆန့်ကျင်ဘက် အလှတရားနှစ်ခုကိုပေါင်းစပ်ပါ။ တကယ်လို့ သတို့သမီးလေးဝတ်စုံကဆန်းပြားနေတဲ့ဝတ်စုံမျိုးဆိုရင်တော့ သတို့သမီးအရံဝတ်စုံလေးကိုတော့ ရိုးရှင်းတဲ့ပုံစံလေးရွေးချယ်ပေးပါ။ သတို့သမီးအရံဝတ်စုံလေးကအကွက်တွေ၊ အပွင့်တွေနဲ့ဆိုရင်တော့ သတို့သမီးလေးဝတ်စုံကို ပြောင်လေးရွေးချယ်ပေးလိုက်ရင် အလိုက်ဖက်ဆုံး အတွဲအဖက်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆန်းတာလေးမှ ကြိုက်တယ်ဆိုသူတို့အတွက် အဆန်းဆုံးသတို့သမီးအရံဖက်ရှင်လေးကိုလည်း ရယူလိုက်နိုင်ပါတယ်။

 

ဝတ်စုံအရှည်ကွဲပြားပါစေ

သတို့သမီးဝတ်စုံအတွက်အထူးသတိထားရမယ့်အချက်လေးကတော့ သတို့သမီးအရံဝတ်စုံထက်ပိုရှည်ပါစေ။ တချို့သတို့သမီးဝတ်စုံလေးတွေရဲ့နောက်ဆွဲက အရံလေးတွေထက်ပိုတိုနေတာမျိုးဆိုရင် သတို့သမီးဝတ်စုံနဲ့ သတို့သမီးအရံဝတ်စုံက ကွဲပြားမှုမရှိဘဲ ရောထွေးနေမှာဖြစ်လို့ပါ။ သတို့သမီးဝတ်စုံဆိုတာကတော့ သတို့သမီးအရံလေးတွေထက် အစစအရာရာ ပိုပြည့်စုံနေဖို့အတွက် သတိပြုရွေးချယ်ပေးပါနော်။

 

သတို့သမီးလေးတို့လည်း သတို့သမီးအရံဝတ်စုံလေးတွေကိုရွေးချယ်တဲ့အချိန်မှာ သတို့သမီးဝတ်စုံနဲ့သတို့သမီးအရံဝတ်စုံတွေကြားကကွာခြားချက်ကို သေချာသိထားပြီး သတို့သမီးလေးအလှကိုပိုတိုးစေမယ့် လိုက်ဖက်ညီလှတဲ့ သတို့သမီးအရံဝတ်စုံပုံစံလေးတွေကိုရွေးချယ်လိုက်နိုင်ဖို့ဝေမျှလိုက်ရပါတယ်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Tuesday, 12 March 2019 18:07
Rate this item
(1 Vote)