မင်္ဂလာပွဲလေးကို ကုန်ကျစရိတ်သက်သာစေဖို့

မင်္ဂလာပွဲလေးကို ကုန်ကျစရိတ်သက်သာစေဖို့ google.com

ကြိုတင်ပြင်ဆင်ခြင်းတွေက ချို့ယွင်းချက်တွေကိုနည်းပါးစေပါတယ်။

အထူးသဖြင့် ဘဝအတွက်အရေးပါဆုံး မင်္ဂလာအချိန်အခါအတွက် ကြိုတင်ပြင်ဆင်မှုတွေကို မဖြစ်မနေလုပ်ကိုလုပ်ရမှာပါ။ ငွေကြေးသတ်မှတ်ချက်ကို ကန့်သတ်ဘောင်တစ်ခု သတ်မှတ်ထားတဲ့မင်္ဂလာစုံတွဲတွေအတွက်ကြိုတင်ပြင်ဆင်နိုင်ရင် ကြိုတင်ပြင်ဆင်နိုင်သလောက် ကုန်ကျစရိတ်ပိုပြီးသက်သာမှာပါ။ ဘာတွေကိုကြိုတင်ပြင်ဆင်ဖို့ အရေးကြီးလဲဆိုတာပြောပြပေးပါ့မယ်။

 

ကြိုတင်ငွေစုထားရပါမယ်

မင်္ဂလာပွဲအတွက်စပြီးစိတ်ကူးရှိပြီ ဆိုကတည်းကပိုက်ဆံကြိုစုထားဖို့လိုပါတယ်။ မင်္ဂလာပွဲအတွက်မစီစဉ်ခင် တစ်နှစ်၊ တစ်နှစ်ခွဲလောက်အလိုကတည်းက လစဉ်ပုံမှန်ငွေစုထားဖို့လိုပါတယ်။ ပုံမှန်စုထားတဲ့ငွေပမာဏလေး တစ်ခုရှိနေရင်စီစဉ်ရတာ၊ ရွေးချယ်ရတာပိုအဆင်ပြေတာပေါ့။ ပြီးတော့မလိုအပ်တဲ့ကုန်ကျစရိတ်တွေမဖောင်းပွသွားအောင်လို့ အခုပြောပြမယ့်အချက်တွေကို စကြည့်တော့နော်။

 

တိကျတဲ့ဧည့်သည်စာရင်းလုပ်ပါ

မင်္ဂလာပွဲအတွက်ဖိတ်ကြားမယ့် ဧည့်သည်စာရင်းအတိအကျရှိ၊ မရှိဆိုတာကကုန်ကျစရိတ် ထိန်းညှိဖို့အတွက် အင်မတန်အရေးပါပါတယ်။ ခန်းမငှားရမ်းခြင်းနဲ့အစားအသောက်မှာယူခြင်းတွေအတွက် ဧည့်သည်စာရင်းတိတိကျကျ ရှိဖို့လိုပါတယ်။ မလိုအပ်ဘဲခန်းမကျယ်မျိုးငှားမိမယ်၊ အစားအသောက်တွေ အများကြီးပိုလျှံနေအောင်မှာယူမိမယ်ဆိုရင်တော့ ငွေတွေအများကြီး ဖြုန်းတီးပစ်ရာရောက်တာပေါ့။ အဲ့တော့ဧည့်သည်စာရင်း တိတိကျကျ ဖြစ်အောင် ကြိုပြီးစာရင်းလုပ်ထားရပါမယ်။

 

ပိတ်ရက်တွေကိုရှောင်ပါ

ခန့်မှန်းထားတဲ့ဧည့်သည်အရေအတွက်ထက် အဆမတန်ပိုများသွားလို့ အရန်ထားတဲ့အစားအသောက်တွေပါမလုံလောက်တော့ဘဲ တခြားအစားအသောက်တွေထပ်ပြီးမှာနေရလို့ ရှုပ်ယှက်ခတ်သွားတဲ့ မင်္ဂလာဆောင်မျိုး ကြုံဖူးကြမှာပေါ့။ ဧည့်သည်စာရင်းအတိအကျတွက်ထားရဲ့သားနဲ့ ဘာကြောင့်စီစဉ်ထားတဲ့အစားအသောက်တွေထက်ပိုကုန်ရတာလဲဆိုရင် ပိတ်ရက်တွေမှာလုပ်မိလို့ပါ။ ပိတ်ရက်တွေဆိုတော့ ဖိတ်စာတစ်စောင်ကို လူနှစ်ယောက်နှုန်းလောက်တွက်ထားပေမယ့် ဧည့်သည်တွေဘက်ကတော့ အိမ်ရှိလူကုန် ကြွရောက်ချီးမြှင့်နိုင်ပါတယ်။

 

ဖိတ်စာလေး

ဖိတ်စာလေးကလည်း ကုန်ကျစရိတ်အတွက် တော်တော်စကားပြောပါတယ်။ တစ်စောင်ကို (၂၀၀) ကျပ်လောက်ကနေ (၅၀၀၀)ကျပ် (၁၀၀၀၀)ကျပ်လောက် အထိရှိတဲ့ဖိတ်စာတွေရှိပါတယ်။ တစ်စောင်ချင်းဈေးနှုန်းဆို သိပ်မသိသာပေမယ့် အစောင်ရေများရင်များသလောက် ကုန်ကျစရိတ်ကွာဟချက်ကသိသာလှပါတယ်။ Crystal ကျောက်တွေ၊ ဖောင်းကြွပန်းတွေပါတဲ့ ဒီဇိုင်းမျိုးကပိုပြီးဈေးကြီးတာမို့ အဲ့ဒါတွေမပါဘဲရိုးရိုးရှင်းရှင်းလေးနဲ့ လှတဲ့ဒီဇိုင်းလေးကိုရွေးမယ်ဆိုရင်တော့ ဖိတ်စာနဲ့ပတ်သတ်ပြီး ငွေနည်းနည်းချွေတာနိုင်ပြီပေါ့။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Saturday, 16 March 2019 15:22
Rate this item
(1 Vote)