မြန်မာ့ကျောက်စိမ်း ကုန်ချောပစ္စည်းအများစုဟာ တရုတ်ကုန်ချောနှင့် မယှဉ်နိုင်

မြန်မာ့ကျောက်စိမ်း ကုန်ချောပစ္စည်းအများစုဟာ တရုတ်ကုန်ချောနှင့် မယှဉ်နိုင် google.com

အရည်အသွေးထက် အရေအတွက်ပိုင်းကို ဦးစားပေးထုတ်လုပ်နေရတာဖြစ်တဲ့အတွက် ကျောက်စိမ်းကုန်ချောပစ္စည်းအများစုဟာ တရုတ်နိုင်ငံဈေးကွက်က ကျောက်စိမ်းကုန်ချောပစ္စည်းတွေနဲ့ယှဉ်ရင်အားနည်းချက်တွေ ရှိနေရတယ်လို့ လုပ်ငန်းရှင်အချို့က ဆိုပါတယ်။

 

ကျောက်ရဲ့အရည်အသွေးကောင်းမွန်ပေမဲ့ ကုန်ချောထုတ်လုပ်မှုပိုင်းမှာ အားနည်းချက်တွေရှိရင် သည်ပစ္စည်းရဲ့တန်ဖိုးဟာ ရှိသင့်တဲ့တန်ဖိုးထက် လျော့နည်းသွားတာတွေရှိပါတယ်။

 

ကျောက်စိမ်းအချောထည်မျိုးစုံ ထုတ်လုပ်နေတဲ့လုပ်ငန်းရှင် ဦးမောင်လွင်က “ကျွန်တော်တို့ထုနေတဲ့လက်ခက သုံး၊ လေး၊ ငါးသောင်းရတယ်၊ တရုတ်ရွှေလီမှာ သွားအပ်ကြည့်လိုက်၊ နှစ်သိန်း၊ သုံးသိန်း၊ ငါးသိန်းပေးရတယ်၊ ဒါပေမဲ့ လက်ရာချင်းက လုံးဝကွာတယ်၊ သူတို့လက်ရာမျိုးထုနိုင်တဲ့ ပန်းပုဆရာတွေရှိတယ်၊ ဒါပေမဲ့ ဒီဘက်ကအပ်တဲ့သူက အဲဒီဈေးနှုန်းမပေးနိုင်ဘူး၊ မပေးနိုင်တော့ သူကအမြန်စနစ်ပဲ၊ အရည်အချင်းကို အဓိကမထားဘူး၊ အရေအတွက် အဓိကထားပြီးတော့လုပ်တယ်” လို့ ပြောပါတယ်။

 

ပြည်တွင်းဈေးကွက်အတွင်း ကျောက်စိမ်းအချောထည်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံနဲ့ယှဉ်ရင် အရည်အချင်းမမှီတဲ့ပစ္စည်းကများတယ်။ ပန်းပု၊ အပွင့်၊ လက်ကောက်စတဲ့လိုင်းတွေမှာ လိုအပ်ချက်တွေရှိနေတာဟာ အချောထည်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးမှုအားနည်းစေတယ်။

 

ပြည်တွင်းမှာ အချောထည်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအဆင့်မီလက်ရာအသွေးမျိုးထုတ်လုပ်နိုင်တဲ့ တကယ်တတ်ကျွမ်းတဲ့ပညာရှင်အများအပြားရှိပေမဲ့ ဈေးကွက်သဘောအရ အရေအတွက်ကိုဦးစားပေး ထုတ်လုပ်နေတာဖြစ်လို့၊ ဒါဟာရေရှည်မှာဈေးကွက်ဖွံ့ဖြိုးရေးကိုထိခိုက်စေတယ်လို့ ဈေးကွက်ကျွမ်းကျင်သူအချို့က ဆိုပါတယ်။

 

"ပုတီးလုပ်မယ်ဆိုလဲ လူတစ်ယောက်အလုံးရေဘယ်လောက်ကျမလဲပဲ တွက်တယ်၊ သူ့ဟာသူ အနာပါပါ ဘာပါပါ ဖြတ်ဆိုဖြတ်ပစ်လိုက်တာပဲ၊ အကုန်လုံး ဟိုဟာလေးရှောင် ဒါလေးရှောင် ဘယ်အကန့်ယူရင် ဘယ်လိုကောင်းမလဲဆိုတဲ့ပုံစံမျိုးကို ခေါင်းထဲမှာရှိပေသော်ငြားလဲ ဈေးတွက်တွက်ပြီးတော့ အရေအတွက်နဲ့ထုတ်လုပ်ကြတော့ ပညာပိုင်းမှာကွာတယ်၊ သူများနိုင်ငံလို လက်ရာကောင်းတော့ မထွက်တာအမှန်၊ အဲဒီအပေါ်မှာ ဈေးကွက်ပြောင်းသွားတာတွေလဲ အများကြီးဖြစ်သွားတယ်” လို့ ကျောက်စိမ်းဝယ်ရောင်းလုပ်ငန်းရှင် ဦးဇော်ဇော်က ပြောပါတယ်။

 

Credit;Kumudra

Read times Last modified on Monday, 24 September 2018 09:51
Rate this item
(1 Vote)
Tagged under