ငွေရှိတိုင်းရွှေသွားမလုပ်နဲ့

ငွေရှိတိုင်းရွှေသွားမလုပ်နဲ့ Google

လူတိုင်းရင်ထဲမှာလောင်းကစားကြိုက်သည့်ကိုယ်ပွားလေး တစ်ယောက်ရှိပါသည်။

 

မယုံလျှင် အွန်လိုင်း ရွှေရောင်းရွှေဝယ် ပွဲစားလုပ်ငန်း တစ်ခုထံသွားပြီး အကောင့်ဖွင့်ကာ၊ ရွှေအရောင်းအဝယ်လုပ်ကြည့်ပါ။ သင်၏ ကိုယ်ပွားလေးနိုးထလာပြီး သင့်ကိုအိပ်မရညတွေများသွား အောင်လုပ်ပေးလိမ့်မည်။ ရွှေဈေးတွေဒေါ်လာနှစ်ထောင်နားကပ်လာသည်။ ထို့ကြောင့် ရွှေအရောင်းအဝယ်လုပ်လျှင်အမြတ်အစွန်းများများရမည်ထင်ကာ ရွှေရောင်းရွှေဝယ်လုပ်သူတွေများလာသည်။ ကပ်ရောဂါကာလအတွင်း မှာ ရွှေရောင်းရွှေဝယ် လုပ်သူတွေပိုများလာသည်။ တစ်ဘက်ကကြည့်လျှင် ဝမ်းသာစရာဖြစ်သလို၊ အခြားတစ်ဘက်ကကြည့်လျှင်စိတ်မကောင်း စရာပါ။ လူတွေအတွေးအခေါ်မှားကုန်ကြပြီ။

 

လွယ်လွယ်နှင့် ငွေ ရှာလို့ရနိုင်ပြီလို့ထင်သွားကြပြီ။ အမှန်အတိုင်းပြောရလျှင် လောကမှာဘယ်အရာကိုမှလွယ်လွယ်နှင့်မရနိုင်ပါ။ အရောင်းအဝယ်လုပ်တတ်လျှင်ရွှေဈေးဒေါ်လာနှစ်ထောင် ဖြစ်မှအမြတ်ရတာမဟုတ်ပါ။ ဒေါ်လာ ၁၃၀၀ က ဒေါ်လာ ၁၂၀၀ သို့ကျသွားလျှင်လည်းအမြတ်ရပါသည်။ ဈေးကွက်တွင် တက်မလားကျမလားဆိုတာကိုခန့်မှန်းပြီး ကစားနေကြခြင်းဖြစ်သည်။ ဝယ်ထား၍ဈေးတက်သွားလျှင်ဘယ်လောက်ဈေးဖြစ်ပါစေအမြတ် ရပါသည်။ ရွှေဈေးဒေါ်လာနှစ်ထောင်လောက်ဖြစ်နေချိန်တွင် ရွှေဝယ်ပြီး အရှုံးပြသောကြောင့် အကောင့်ပြုတ်သွားသူတွေအများကြီးရှိပါသည်။ ထင်သလောက်မလွယ်ပါမိတ်ဆွေ။ ရွှေရောင်းရွှေဝယ်လောကသို့ဝင်၍သက်မွေးဝမ်းကျောင်းလုပ်လို လျှင် ဒီအလုပ်ကိုချစ်တာလားငွေလိုချင်လားဆိုတာကို ကိုယ့်ကို ကိုယ်မေးခွန်းထုတ်သင့်သည်။ ငွေလိုချင်လို့သက်သက်နဲ့တော့ သွားမလုပ်ပါနဲ့မိတ်ဆွေ။ ရှိတာလေးကုန်သွားလိမ့်မည်။

 

အွန်လိုင်း ရွှေရောင်းရွှေဝယ် ပွဲစားလုပ်ငန်းဆိုသည်မှာ Client ကိုအမှန်အတိုင်းချပြလို့မရ ပါ။ တစ်ကမ္ဘာလုံးဒီအတိုင်းပဲဖြစ်သည်။ မကောင်းကွက်တွေ ကိုဖုန်းကွယ်ထားပြီး မက်လုံးတွေပေးရသည်မှာ သူတို့၏အလုပ် ဖြစ်ပါသည်။ မှန်တယ်မှားတယ်မပြောလိုပါ။ သို့သော် တကယ် ဖြစ်နိုင်မဖြစ်နိုင်ချင့်ချိန်ရန်မှာသင်၏အလုပ်ဖြစ်ပါသည်။ အွန်လိုင်း ရွှေရောင်းရွှေဝယ် ကိုတကယ်ကြိုက်လျှင်လေ့လာပြီးမှလုပ်သင့် သည်။ အွန်လိုင်း ရွှေရောင်းရွှေဝယ် ပွဲစားပေးသော အသိပညာများသည်မလုံလောက် တတ်ပါ။ ဒီတော့ပြင်ပကစာအုပ်တွေရှာဖတ်ပါ။ သင်တန်းတက် သင့်လျှင်လည်းတက်ပါ။ ( သင်တန်းကြော်ငြာနေသည်ဟုမထင် စေလိုပါ။) နောက်ဆုံးစိတ်ထိန်းမရလို့လုပ်ချင်လျှင်တောင် အကောင့်သေးသေးနှင့်စမ်းကြည့်ပါ။ ရက်ပိုင်းအတွင်းသိန်း ရာနှင့်ချီ၍ရှုံးတဲ့လူတွေတွေ့ရလျှင် ကျွန်တော်စိတ်မကောင်းဖြစ်မိရသည်။ Covid 19 ကြောင့်လူတချို့၏စီးပွားရေးတွေရပ်တန့်သွား သည်။

 

စိတ်ထိခိုက်နေသူတွေအများအပြားရှိသည်။ ထိုအခက်အ ခဲမှရုန်းထွက်လို၍ အွန်လိုင်း ရွှေရောင်းရွှေဝယ်ဖက်ကိုစိတ်ယိုင်သွားတဲ့လူတွေ လည်းအများကြီးရှိသည်။ အွန်လိုင်း ရွှေရောင်းရွှေဝယ်သည်လူတိုင်းအတွက်ထွက်ပေါက်မဟုတ်ပါ။ အရှုံးကြီးရှုံးပြီးမှနောင်တရလျှင်နောက်ကျသွားပါလိမ့်မည်။ တကယ်တမ်း လုပ်ချင်လျှင် နည်းမှန်လမ်းမှန်ကိုလေ့လာပါ။ ကပ်ရောဂါကြောင့်လူသားတစ်ရပ်လုံး အထိနာရပါသည်။ လောဘနည်းနည်းလျှော့လိုက်ပြီး ကိုယ့်ဘဝကိုပြန်လည်သုံးသပ် ဖို့အချိန်ရသည်လို့လည်း အကောင်းမြင်နိုင်ပါသည်။ အွန်လိုင်း ရွှေရောင်းရွှေဝယ်လုပ်မည်ဆိုလျှင်လည်း အလောတကြီးဆုံးဖြတ်ချက်မချကြဖို့ တိုက်တွန်းလိုပါသည်။ စေတနာ ရှေ့ထားပြီး ရေးသားတင်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။ မည်သူ့ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။

 

 

 

Source: ဆရာ ကျော်ဌေး

Read times Last modified on Tuesday, 22 September 2020 13:31
Rate this item
(0 votes)
Tagged under