အချစ်ရေးတစ်ခုမှာ ယောကျာ်းလေးတွေက ဘာကိုလိုချင်ကြတာလဲ

အချစ်ရေးတစ်ခုမှာ ယောကျာ်းလေးတွေက ဘာကိုလိုချင်ကြတာလဲ google

စိတ်ကူးယဉ်တတ်စ အရွယ်တုန်းက ကိုယ့်ရည်းစားကို ဘယ်လိုပုံစံ၊ ဘယ်သို့ဘယ်ပုံ ကိုယ့်ကို သည်းသည်းလှုပ်ပြီး ဂရုစိုက်ပေးရမယ်၊ ဘယ်လိုတုန်နေအောင် ချစ်ရမယ် စသည်ဖြင့် စိတ်ကူးထဲက ချစ်သူကို အကောင်းဆုံးဆိုတဲ့ အနေအထားတွေနဲ့ တွေးတတ်ကြတယ်မလား?

 

 

တကယ်တမ်း Relationship (အချစ်ရေး) တစ်ခုကို စပြီးတည်ဆောက်တဲ့အချိန်မှာလည်း ကိုယ်ဖြစ်ချင်တာတွေ အကုန်လုံး မရရင်တောင် ကိုယ်လိုချင်တဲ့ အချက်တော်တော်များများတော့ ပြည့်စုံနေအောင်လို့ ကြိုးစားတောင်းဆိုတတ်ကြပါတယ်။ ဒီလိုပါပဲ ကိုယ်တွေမှာလည်း ကိုယ်တွေလိုချင်တဲ့ အချက်တွေရှိသလို ကိုယ့်ချစ်သူယောကျာ်းလေးမှာလည်း သူတို့ လိုချင်တဲ့အချက်လေးတွေ ရှိပါတယ်တဲ့။ ဒါတွေကတော့

 

လေးစားမှု

 

ကမ္ဘာကျော်ပညာရှင်ကြီးတစ်ယောက်လို လေးစားခိုင်းနေတာမျိုး မဟုတ်ပေမဲ့ သူချစ်တဲ့ အရာတွေ၊ သူယုံကြည်တဲ့ အရာတွေ၊ သူ့အလုပ်တွေနဲ့ သူ့အပေါ်ကို လေးစားသမှုနဲ့ ဆက်ဆံစေချင်ပါတယ်။ ဥပမာ လူကြားသူကြားထဲဆို အော်ဟစ်ရိုက်နှက်နေတာမျိုး၊ သူလုပ်နေတဲ့အလုပ်အပေါ်မှာ ဒါဘာအရေးကြီးလို့လဲဆိုတဲ့ ပုံစံနဲ့ မလေးမစားပြောဆိုတာမျိုးတွေကို သူတို့ အရမ်းမုန်းတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်က ကိုယ်လျှောက်နေတဲ့ လမ်းနဲ့ ကိုယ့်အိပ်မက်တွေကို လေးစားမှုမရှိဘူးဆိုရင် ကိုယ့်ရဲ့အောင်မြင်မှုတွေကိုလည်း ပျက်ရယ်ပြုနေဦးမှာပဲမို့ပါတဲ့ ခက်ခက်ခဲခဲတော့လည်းမဟုတ်ပါဘူး. ဒီလိုလေးစားမှုမျိုးက လူတိုင်းအပေါ်မှာလည်း ထားရမှာပဲ မဟုတ်လား....

 

 

ချီးကျူးအသိအမှတ်ပြုမှု

 

အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးတွေက လူတစ်ယောက်အတွက် ပိုကောင်းတဲ့ လမ်းတစ်ခုကို ဆောင်ကျဉ်းပေးနိုင်ပေမဲ့ တစ်ချိန်လုံး ဝေဖန်နေပြီး သူ့ရဲ့အောင်မြင်မှုတွေကို မျက်ကွယ်ပြုပြီး ချီးကျူးအသိအမှတ်ပြုတာမျိုးကို မလုပ်ပေးဘူးဆိုရင်တော့ ကြာရင် တစ်ဖက်လူဆီမှာ စိတ်ကွက်စရာတွေဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ကိုယ်ချစ်တဲ့လူရဲ့ ချီးကျူးသံ၊ အသိအမှတ်ပြုတဲ့ အပြုအမူဆိုတာ ကမ္ဘာပေါ်မှာ အချိုဆုံး သကြားခဲပဲမလား? နောက်ပြီး ကိုယ့်အတွက် တစ်ခုခုကိုအားထုတ်ပြီး တကူးတကလုပ်လာတယ်ဆိုရင်လည်း ဒီအတွက် အရမ်းကျေးဇူးတင်တယ် ဆိုတဲ့အကြောင်းကို သေချာလေးလေးနက်နက် ပြောပြပေးပါ။

 

စိတ်အေးချမ်းမှု

 

ယောကျာ်းလေးတွေအတွက် ကမ္ဘာပေါ်မှာ မိဘအရိပ်ပြီးရင် အလုံခြုံဆုံး၊ အအေးမြဆုံးနေရာက ဘယ်နေရာလဲဆိုတော့ ချစ်သူရဲ့ရင်ခွင်ပါပဲ။ ဒါပေမဲ့ တော်တော်များများကတော့ အဲဒါကိုမေ့ပြီး ကိုယ့်ရဲ့အတ္တ၊ မာန၊ တစ်ကိုယ်ကောင်းဆန်တတ်တဲ့အကျင့်တွေနဲ့ တစ်ဖက်သားလူကို ဒုက္ခ သွားသွား ပေးနေတတ်ပါတယ်။ (အလုပ်ကမောမောပန်းပန်းနဲ့ ပြန်လာတဲ့လူကို ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ စွပ်စွဲပြီး ရန်ဖြစ်နေတာမျိုးပေါ့။) အဲဒီလိုအချိန်ပြည့် ပူလောင်နေရင်တော့ ဘယ်လောက်ချစ်ချစ် လက်လွှတ်ဖို့ ဝန်မလေးတတ်ကြပါဘူးတဲ့။

 

သူ့အတွက် သီးသန့်အချိန်

 

ရည်းစားရပြီးသွားရင် ချစ်သူမျက်နှာ တစ်ကမ္ဘာထင်ပြီး အရာရာအချစ်ပဲလို့ ရှေ့တန်းတင်တတ်တဲ့အထဲမှာ အနှီပုရိသတွေ မပါပါဘူး။ သူ့သူငယ်ချင်းတွေကလည်း သူတို့ကမ္ဘာရဲ့ အရေးကြီးတဲ့နေရာမှာ ပါဝင်နေတာမို့ ဘယ်နေရာသွားသွား ကပ်ပါးကောင်လို ကပ်တွယ်နေတာမျိုးမဟုတ်ဘဲ သူ့အတွက်လိုအပ်တဲ့ သီးသန့်အချိန်ကိုပေးပါ။ ယုံယုံကြည်ကြည်နဲ့ သီးသန့်နေဖို့အတွက် ကောင်းကောင်းအချိန်ပေးပြီး အမြဲနွေးနွေးထွေးထွေး လက်ကမ်းကြိုဆိုနေမယ့် မိန်းကလေးမျိုးကို ဘယ်သူကမှလက်လွှတ်မခံပါဘူး။ (လက်လွှတ်ခံတဲ့သူတွေ မရှိဘူးလားဆိုတော့လည်း ရှိပါတယ် ဒါပေမဲ့ အဲ့လိုဖြစ်သွားသည့်တိုင် ငါက ကောင်းပေးခဲ့တာပဲ သူနဲ့မှ မတန်တာဆိုပြီး ကိုယ်က ပြန်ချေမိုးလို့ ရသွားတာပေါ့နော်)

 

အထိအတွေ့

 

အိပ်ရာပေါ်က ကိစ္စကို ပြောတယ်လို့ မထင်စေချင်၊ သူ့ကိုမြတ်မြတ်နိုးနိုးနဲ့ ကြည့်တဲ့အကြည့်တွေ၊ အသည်းယားလွန်းလို့ ဖျတ်ကနဲ နမ်းလိုက်တဲ့ အနမ်းတွေ၊ နောက်ကနေ ပွေ့လိုက်တဲ့ အပွေ့အဖက်တွေက သူ့ကိုလည်း ရင်ခုန်စေပါတယ်။ ဒါကြောင့် သူ့ကိုလည်း အမြဲတမ်း မြတ်မြတ်နိုးနိုးနဲ့ ချစ်တယ်ဆိုတဲ့အကြောင်းကို ဒီလိုအထိအတွေ့လေးကနေ တစ်ဆင့် ပြောပြပေးပါ။ အသည်းယားလို့ဆိုပြီး ကုန်းကုန်းကိုက်လို့ အော်ခံထိရင် အိုင်လေး မပါဝူးနော်၊ချစ်ခြင်းမေတ္တာအပါအဝင် တခြားဘယ်ကိစ္စမှာမဆို ယောက်ျား၊ မိန်းမဆိုတာ ခွဲခြားထားခြင်းမရှိပါဘူး။ အကုန်လုံးက လူတွေထဲက လူတွေပဲမို့ ကိုယ်ရချင်တဲ့ ချစ်ခြင်းမေတ္တာမျိုးကို သူကလည်းလိုချင်ပါတယ်။ ကိုယ့်ချစ်သူလေးကို များများပိုချစ်ပေးလိုက်ပါ။

 

 

Credit;For Her Myanmar

Read times Last modified on Tuesday, 15 January 2019 15:28
Rate this item
(3 votes)