သမီးရည်းစားတွေကြား ထားရှိသင့်တဲ့ Privacy ဆိုတာ

သမီးရည်းစားတွေကြား ထားရှိသင့်တဲ့ Privacy ဆိုတာ google

ဟိုတလောလေးဆီက စာရေးသူတစ်ယောက် Facebook ပေါ်မှာ အငြင်းပွားဖွယ်ကိစ္စလေးတစ်ခုမှာ ဝင်ပြောဖြစ်ခဲ့ပါတယ်။ တကယ့်ကို အခြေအတင်၊ပွဲကြီးပွဲကောင်း ငြင်းကြခုံကြရတာပါ။

သူတို့ ပြောနေတဲ့ အကြောင်းကတော့ “ကောင်မလေးတစ်ယောက်ရဲ့ ရည်းစား ကောင်လေးက ကောင်မလေးရဲ့ Facebook Password ကို သူ့ကို မပေးလို့ ဆိုပြီး ပြဿနာရှာပါသတဲ့။” ဒီကိစ္စမှာ ဒီလို Facebook Password ကို ရည်းစားကိုတော့ ပေးသင့်ပါတယ်။ ဒီလောက်မှ မသိရရင် အဆင်မပြေဘူးဆိုတာက တစ်ဖက်၊ နောက်တစ်ဖက်ကတော Privacy တောင် မသိတဲ့ ရည်းစားကို ဖြတ်လိုက်တော့ ဆိုတဲ့ တစ်ဖက်ဖြစ်ပါတယ်။

 

ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ဒီကိစ္စဟာ လွယ်မယောင်နဲ့ ခက်ဆိုသလိုပါပဲ၊ ရင်းနှီးမှုဆိုတာက ချစ်သူရည်းစားတွေကြားမှာ ရှိကိုရှိရမယ့် အစိတ်အပိုင်းဖြစ်ပါတယ်။ဒါပေမယ့် ရင်းနှီးစိတ်ချရမှု ရှိတယ်ဆိုတာနဲ့ပဲ တပါးသူကို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ပေးသိဖို့ လိုအပ်ပါသလား။

 

 

ကျွန်တော့်အမြင်အရဆိုရင်တော့ Privacy ဆိုတာ ချစ်သူရည်းစားကြားမှ မဟုတ်၊ မိသားစု မိဘနဲ့ သားသမီးကြား၊ မောင်နှမကြားမှာ လုံးဝကို ထားရှိသင့်တဲ့ အရာလို့ ယူဆပါတယ်။ ကျွန်တော်တို့ အိမ်မှာဆိုရင် ဖုန်းလာလို့ ကျွန်တော်အဝေးမှာ ရောက်နေရင်တောင် “သားရေ ဖုန်းလာတယ်”လို့ လာပြောပေးပြီး အမေက ကိုင်လိုက်တာမျိုးကို မလုပ်တတ်ပါဘူး။ ကျွန်တော်ဆိုလည်း မိဘတွေဆီ လာတဲ့ စာတွေကို ဖွင့်မဖတ်ကြည့်သလို၊ ချစ်သူရဲ့ Facebook Password ကိုလည်း မတောင်းထားပါဘူး။

 

ဒီလိုတွေ ပြောလို့ လုံးဝဖုန်းကို မထိရ မကိုင်ရ မဟုတ်ပါဘူး။ အမေရေ ဖုန်းကိုင်ပေးပါဆိုပြီး ပြောရင် ကိုင်ပေးတာပါပဲ။ ဒါပေမယ့် ဒီလို ရင်းနှီးသူတွေကြား Privacy ခြားထားမှုကို ပြန်မေးခွန်းထုတ်တာတွေလည်း ရှိပါတယ်။ ဒီလိုမျိုး Facebook PasswordPhone Password တွေကို ပေးမသိထားတဲ့အတွက် ကျွန်တော်တို့မှာ တစ်ခုခု အန္တရာယ်ကြုံလာရင်ရော ဘယ်လို လုပ်မလဲ၊ ဘေးလူက ဘယ်လို ကယ်နိုင်မှာလဲ စတဲ့ မေးခွန်းတွေ၊ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ချစ်သူတွေမှာရော Privacy လိုသေးလို့လား စတဲ့ မေးခွန်းတွေ ထွက်လာပါတယ်။

 

ဒီတော့ ဒီနေရာမှာ ဘယ်လို ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုတော့ ရည်းစားကို ပြောသင့်တယ်။ ဘယ်လို အချက်တွေမှာတော့ မပြောသင့်ဘူးဆိုတာမျိုး ခွဲလိုက်ပါရစေ။ ဒါဟာ စာရေးသူတစ်ဦးတည်းရဲ့ အမြင်ဆိုတာလည်း ထပ်ပြောပါရစေဦး။

 

ကျန်းမာရေးအခြေအနေ

ကျန်းမာရေးအခြေအနေဆိုတာ ကိုယ့်ရဲ့ သွေးအုပ်စု၊ ဘယ်လိုရောဂါရှိတယ်ဆိုတာတွေ အထူးသဖြင့် ကူးစက်ရောဂါမျိုးရှိရင်ပိုပြီး ပြောထားသင့်ပါတယ်။ သွေးအုပ်စုသိရင် တစ်ခုခုဖြစ်ရင် အရေးပေါ် သွေးလှူလို့ ရမယ်။ ကူးစက်ရောဂါတွေ ရှိရင်ပြောထားတာက သူ့ဘက်ကိုလည်း ငဲ့ညှာရာရောက်ပါတယ်။ ဝက်ရူးပြန်နဲ့ အတက်ရောဂါမျိုးရှိရင်လည်း ပြောထားမှ ကိုယ်တစ်ခုခုဖြစ်ရင် သူကူညီလို့ ရပါတယ်။ ဓာတ်မတည့်တာတွေ၊ Allergy ရှိတာတွေ ရှိရင်လည်း သူ့ကို ပြောထားရင် သတိပေးခိုင်းလို့ ရတာပေါ့။

 

ကိုယ့်မိဘနောက်ခံ Background

ရည်းစားအပျော်ထားတာမဟုတ်ဘဲ တကယ်အတည် ရည်ရွယ်ပြီဆိုရင် ကိုယ့်မိဘရဲ့ အခြေအနေ၊ ဘာလုပ်တယ် ဘာကိုင်တယ်၊ ဘယ်မြို့ရွာ ဘယ်ဇာတိတွေဆိုတာ ပြောပြလို့ ရပါတယ်။

 

လစာဝင်ငွေ

ဒီနေရာမှာတော့ ကိုယ့်လစာဝင်ငွေကို ရည်းစားကို ပြောပြချင်သူနဲ့ မပြောပြချင်သူတွေကြားပွားစရာရှိပါတယ်။ မိန်းကလေးတွေ ချေပကြတာက ကိုယ့်ရည်းစားရဲ့ လစာဝင်ငွေ၊ ပိုင်ဆိုင်မှုစတာတွေ မသိရင် ဒီလူကို ဘယ်လို ယုံကြည်အားကိုးလက်ထပ်ရမလဲဆိုတာမျိုးပါ၊ ဒီအချက်ဟာ တစ်စိတ်တစ်ပိုင်းတော့ မှန်ပါလိမ့်မယ်။ ဒါပေမယ့် ရည်းစားသက်တမ်းသိပ်မကြာသေးတဲ့အချိန်မျိုးမှာတော့ ကိုယ့်ရဲ့ ဝင်ငွေကိုပါလိုက်ပြီး စုံစမ်း၊ ဒီဟာ မသုံးရ၊ ဟိုဟာ မသုံးရ ချုပ်ချယ်တဲ့အပြင် ကပ်ပါ သုံးတတ်တဲ့သူမျိုးကိုတော့ မလိုချင်ကြတာ လူတိုင်းပါ။ ဒီတော့ လစာဝင်ငွေပြောမပြောဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်သဘောဆန္ဒနဲ့ ချင့်ချိန်လုပ်ဆောင်ပါ။

 

ကိုယ်ရေးကိုယ်တာ အချက်အလက်

ခုဏလိုပေါ့ Facebook Password တောင်းပြီဆိုပါတော့။ တစ်ချက်စဉ်းစားပါ။ တွဲတာ နှစ်တွေ ကြာလာပြီလား။ ဘာဖြစ်လို့ သူ့ကို Facebook Password ပေးဖို့ လိုအပ်တာလဲ။ ကိုယ့်ကို မယုံကြည်စိတ်မချလို့ Facebook Password တောင်းနေတာလား ဆိုတဲ့ မေးခွန်းမျိုးတွေပေါ့။ ကိုယ့်ကို မယုံကြည်လို့ Facebook Password တောင်းနေတာဆိုရင်တော့ ကိုယ့်ကို ဒီလောက်မှ မယုံကြည်တဲ့သူကို ဘယ်လိုလက်တွဲမလဲပေါ့နော်။ Password ပေးမှ အဆင်ပြေမယ်ဆိုတဲ့သူမျိုးတွေ့ရင်လည်း ခေါက်ထားခဲ့သင့်ပါပြီ။

 

စဉ်းစားပါ။ လူတွေရဲ့ စိတ်က အမြဲပြောင်းလဲနေပါတယ်။ အခု ချစ်ကြပြီး ရန်ဖြစ်ကြ၊ ခွာပြဲကြတဲ့အခါ ကိုယ့် Facebook Password သိထားတဲ့သူတစ်ယောက်က အောက်ဖဲမလှန်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီတိုင်းတောင် Screenshot တွေ ရိုက်ရိုက်ပြီး အရှက်ခွဲခံနေရတဲ့ ခေတ်မှာ ကိုယ့် Facebook Account ရဲ့ Password ကြီးသာ ပေးထားလို့ကတော့ ရန်ဖြစ်တိုင်း မျက်ခုံးလှုပ်နေရမှာ အမှန်မို့ မပေးသင့်ဘူးထင်ပါတယ်။

 

နောက်တစ်ချက်ထပ်တွေးကြည့်လို့ ရတာက သူကြည့်ချင်ရင် ကိုယ်နဲ့ ရှိတုန်း ကိုယ့်ရဲ့ လူမှုကွန်ရက်အကောင့်တွေကို ပြလို့ ရပါတယ်၊ တကူးတက Password ပေးနေမှ မဟုတ်ပါဘူးဗျာ။

 

Phone ရဲ့ Lockscreen Password

ဒီနေရာမှာလည်း ထပ်ပြီး အငြင်းပွားဖွယ်ရှိပေမယ့် ကိုယ့်ဖုန်းနဲ့မှ ဓာတ်ပုံရိုက်ချင်တဲ့ ကောင်မလေးအတွက်တော့ တစ်ထစ်လျှော့ပြီး Fingerprint ထည့်ပေးထားတာတို့၊ Password ပေးသိတာတို့ လုပ်ချင်လုပ်ပေါ့ဗျာ။ မလုပ်ချင်ဘူး၊ မလုပ်သင့်ဘူး ထင်ရင်လည်း မလုပ်ပဲ နေလို့ ဖြစ်ပါတယ်။ ကိုယ်ပဲ ဖွင့်ပေးလိုက်လို့ ရတာပဲဟာ။

 

ဒီတော့ သမီးရည်းစားတွေကြား ကိုယ်ရေးကိုယ်တာအချက်အလက်တွေဆိုတာက အကန့်အသတ်နဲ့ပဲ ပေးသိတာ ကောင်းတယ်လို့ မြင်ပါတယ်။ ကိုယ့်ချစ်သူရဲ့ Facebook Password ကို သိချင်ကြတဲ့၊ စိတ်မချနိုင်တဲ့၊ တအားချစ်ပါတယ်ဆိုတဲ့ သူတွေအတွက်လည်း ဒီလို တစ်ချက်တွေးကြည့်ပါ။ ဖောက်ပြန်ချင်တဲ့သူက Facebook Password ပေးထားလည်း ဖောက်ပြန်မှာပါပဲ။ သံကွန်ချာ ခုနှစ်ထပ်အုပ်ထားလည်း ဖောက်ပြန်မှာပါပဲ။ အဲဒီတော့ Facebook Password တွေ တောင်း၊ ရန်တွေဖြစ်နေမယ့်အစား တစ်ယောက်နဲ့ တစ်ယောက်ကြား ယုံကြည်မှုထားပြီး အချစ်နဲ့ ချည်နှောင်တာပဲ ကောင်းပါတယ်။

ဒီအချက်လေးတွေဟာ ကိုယ်ပိုင်အမြင်ဖြစ်လို့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ချစ်သူရည်းစားကို ပြောပြတာ ကောင်းမကောင်း ဝင်ဆွေးနွေးပေးကြပါဦး။

 

Credit;Akhayar

Read times Last modified on Tuesday, 29 January 2019 16:22
Rate this item
(0 votes)