အမြဲအနိုင်လိုချင်တဲ့ချစ်သူနဲ့ အဆင်ပြေစေဖို့

အမြဲအနိုင်လိုချင်တဲ့ချစ်သူနဲ့ အဆင်ပြေစေဖို့ google

အနိုင်ယူတတ်သူနဲ့ ဘယ်လို အဆင်ပြေအောင် ညှိမလဲဆိုတော့…

အနိုင်ယူတတ်တဲ့ ချစ်သူဆိုတာ ဘယ်လိုလူမျိုးလဲ? ကိုယ့်ကို အစစအရာရာထိန်းချုပ်ချင်တဲ့သူမျိုးပေါ့။ ကိုယ့်လှုပ်ရှားမှုတိုင်းကို သူသိချင်တယ်။ သူ့စိတ်ကြိုက်မဖြစ်တာကို ကိုယ်လုပ်မိရင် လုံးဝသည်းမခံတတ်သူ။ သူခွင့်ပြုမှ ကိုယ့်ဘဝရဲ့ ဆုံးဖြတ်ချက်တွေကို လုပ်စေချင်သူ ဒီလိုလူမျိုးပေါ့။ဒီလို ချစ်သူမျိုးရှိနေလို့ စိတ်ပင်ပန်းနေပြီလား ယောင်းရေ။ သူ့ကိုလည်း ချစ်တယ်။ ဒီလို အနိုင်ယူတတ်တာမျိုးလည်း မကြိုက်ဘူးဆိုရင် ယောင်းတို့ရဲ့ဆက်ဆံရေးကို ပြုပြင်ဖို့လိုလာပါပြီ။ သူ့ကိုပြုပြင်ဖို့ထက် ယောင်းကိုယ်တိုင် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ပြုပြင်ရမှာတွေပါ။

ဘာတွေလဲဆိုတော့....

 

 

() ကိုယ့်ကိုယ်ကိုယ် ချစ်ပါ

ခေါင်းစဉ်ကိုကြည့်ပြီး ဘာဆိုင်လို့လဲလို့ တွေးမိနေလား။ တကယ်တော့ အကြီးကြီးသက်ဆိုင်ပါတယ်နော်။ တစ်စုံတစ်ယောက်ကို ချစ်မိတဲ့စိတ်နဲ့ ကိုယ့်ရဲ့ လွပ်လပ်ခွင့်၊ ပျော်ရွှင်ခွင့်တွေ အားလုံးပုံပေးလိုက်ပြီလား။ ကိုယ့်ချစ်သူ ဆိုပေမဲ့ သူက ကိုယ့်ဘဝရဲ့ အတိုင်းအတာတစ်ခုအထိပဲ ပတ်သက်ခွင့်ရှိတာပါ။ကိုယ့်ချစ်သူကို ချစ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်ထက်တော့ မချစ်သင့်ဘူးလေ။ အသက်ထက် ပိုချစ်တယ်ဆိုတဲ့ စကားက ရုပ်ရှင်တွေ၊ သီချင်းတွေထဲမှာပဲ ကြားကောင်းတာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ။ ကိုယ့်ပျော်ရွှင်မှုကို သူ့လက်ထဲ ပုံ မပေးလိုက်ပါနဲ့။

 

 

() ပျော့ညံ့တဲ့ စိတ်ပေါ်လာတိုင်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပါ

ချစ်သူရဲ့ အနိုင်ယူတာကို ခံရလေ့ရှိသူအများက စိတ်ပျော့ကြသူတွေပါ။ အဲဒါကြောင့် တစ်ဖက်သားရဲ့ အနိုင်ယူ စိုးမိုးခံရလေ့ရှိပါတယ်။ စိတ်ပျော့တယ် ဆိုတာကလည်း ပြောဖို့သာ လွယ်တာ ပြင်ရတော့ ခက်ပါတယ်။ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့စိတ်လေး မွေးမြူလိုက်ရင် အလိုလို စိတ်ပြတ်သားလာမှာပါ။ သူက ကိုယ့်ကို အနိုင်ယူစိုးမိုးဖို့ ကြိုးစားတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ဒီအခြေအနေကို ငါ ပျော်ရဲ့လား လို့။ကိုယ်က မပျော်နိုင်ဘူးဆိုရင် ဘာကြောင့် သူ့ရဲ့ စိုးမိုးမှုကို ခေါင်းငုံ့ခံနေသင့်တာလည်း ဆိုတာကိုပါ ထပ်မေးပါ။ကိုယ့်ချစ်သူကို ကိုယ့်ထက်တော့ပိုမချစ်ပါနဲ့။

 

 

() ခေါင်းခါ တတ်ဖို့ No လို့ ပြောတတ်ဖို့ လေ့ကျင့်ပါ

စိတ်ပျော့တတ်သူတွေရဲ့ အားနည်းချက်က No လို့ ပြောဖို့ ဝန်လေးတာပါ။ ဒီအချက်ကလည်း တစ်ဖက်သား ကိုယ့်ကို စိုးမိုးရလွယ်ကူစေတဲ့အချက်ပါပဲ။ ဒါကြောင့် No လို့ ပြောတတ်ပါစေ။ပြောတတ်အောင် လေ့ကျင့်ဖို့က အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ ပြီးရင် ကိုယ်မပျော်တဲ့ အခြေအနေကို ဘာလို့လက်သင့်ခံသင့်တာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ကိုယ့်ကိုယ်ကိုယ် ပျော်စေချင်တယ်ဆိုရင် ကိုယ်မကြိုက်တာတွေကို No လို့ ပြောတတ်ပါစေ။

 

 

() ကိုယ့်ချစ်သူ နဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူ့ကို ပိုချစ်လဲ

ကိုယ့်ဘက်က No လို့ ပြောလာတဲ့အခါ ချစ်သူက အလွယ်တကူ လက်ခံမှာ မဟုတ်ပါဘူး။ ဒီအတွက် ပြဿနာတက်မှာလည်း အမှန်ပါ။ ကိုယ့်ဘက်ကသာ သူဘယ်လိုပြောပြော ဘာလုပ်လုပ် ကိုယ်မကြိုက်တာကို No လို့ပဲ ခေါင်းမာစွာပြောပါ။ဒီအခါ သူ့ဘက်က ဖြစ်လာနိုင်တာ နှစ်မျိုးရှိပါတယ်။ တဖြည်းဖြည်း ကိုယ့်ကို အလျှော့ပေးလာတာ။ အရင်ကလောက် မထိန်းချုပ်တော့တာမျိုးပေါ့။ ဒီ အခြေအနေရောက်လာရင်တော့ ဝမ်းသာစရာပေါ့။နောက်တစ်ခုက အရင်ကထက် ပိုဆိုးပြီး ပိုထိန်းချုပ်ဖို့ ကြိုးစားလာတာမျိုး။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ထပ်မေးပါ။ ချစ်သူ နဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူ့ကို ပိုချစ်လဲလို့ ။ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ရင် သူ့ကိုလမ်းခွဲလိုက်ပါ။ အသည်းကွဲတယ်ဆိုတာ ခဏတာ ခံစားရတာပါ။ ကိုယ့်ကို ပျော်ရွှင်အောင်မထားတဲ့သူနားမှာ ဘာကြောင့် နာကျင်ခံစားပြီး နေမလဲ။

 

 

အခုပြောပြပေးတဲ့ အချက်တွေကို တကယ်သာ လိုက်နာမယ်ဆိုရင် ချစ်သူနဲ့ ဆက်ဆံရေးပြောင်းလဲလာမှာအမှန်ပါ။ ကိုယ်က စိတ်ပျော့နေသမျှတော့ အပြောင်းအလဲဖြစ်လာမှမဟုတ်ဘူးနော်။

 

 

 

Credit;Sugar Cane (For Her Myanmar)

Read times Last modified on Thursday, 31 January 2019 17:08
Rate this item
(1 Vote)