ပျိုမေတို့ အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါရှောင်ရှားသင့်တဲ့ယောကျာ်းများ

ပျိုမေတို့ အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါရှောင်ရှားသင့်တဲ့ယောကျာ်းများ google.com

တောင်ယာခုတ်မှားရင် တစ်နှစ်ပဲ ဒုက္ခရောက်ရမှာပါ။ ဒါပေမယ့် ယောက်ျားယူမှားရင်တော့

တစ်သက်လုံးစိတ်ဆင်းရဲ နေရတော့မှာပါ။ ဒါကြောင့် ပျိုမေတို့ အိမ်ထောင်ဖက်ရွေးချယ်ရာမှာ ဒီလိုလူမျိုးကို လုံးဝရှောင်ရှားသင့်ပါတယ်နော်။

 

အာဏာရချင်တဲ့ယောက်ျား

ရုပ်ရှင်သွားကြည့်ရင်တောင် သင်ကဒီကားကြည့်ချင်တယ်ဆို သူက တခြားကားအတွက် လက်မှတ်ဖြတ်တာမျိုး၊ အရာရာတိုင်းမှာ သူ့ဆုံးဖြတ်ချက်သာအတည် သူ့ဆုံးဖြတ်ချက်သာအမှန် ဖြစ်ချင်နေတဲ့သူမျိုးပါ။ ဒါတောင်သူဟာ ချစ်သူအဆင့်ပဲ ရှိသေးတာပါ။ အိမ်ထောင်သည်ဘဝရောက်သွားရင် ဒီထက်မက သင့်ကို ချုပ်ချယ်တာတွေ၊ အာဏာပြတာတွေ လုပ်လာတော့မှာပါ။ စစ်မှန်တဲ့ အချစ်မှာ ဘယ်သူမှ ဘော့စ် ဖြစ်ချင်နေလို့ မရပါဘူး။

 

အထိန်းအကွပ်မဲ့စွာစကားပြောတတ်တဲ့ယောက်ျား

သင့်ကို ဘယ်တော့မှ အလျှော့မပေးပါဘူး။ သင့်ကို အနိုင်ရဖို့ ပြောသင့်တာတွေ၊ မပြောသင့်တာတွေ မစဉ်းစားပဲ ပြောချင်ရာကိုပြောမှာပါ။ ဒီလိုလူမျိုးဟာ သူ့ကိုသူဘဝင်အရမ်းရူးနေတာလည်းဖြစ်နိုင်သလို၊ သင့်ကို အထင်အမြင်သေးလွန်း နေတာလည်း ဖြစ်နိုင်ပါတယ်။ အဆင့်အတန်းမရှိတဲ့ အကျင့်စရိုက်လည်း ဖြစ်နေတာကြောင့် အဲလိုယောက်ျားမျိုးကို လုံးဝလက်မထပ်မိပါစေနဲ့နော်။

 

အနိုင်ကျင့်တတ်တဲ့ယောက်ျား

သင့်ကို စိတ်ပိုင်းဆိုင်ရာအားနည်းအောင် အမျိုးမျိုးနှိပ်စက်နေတဲ့ ယောက်ျားမျိုးပါ။ သင့်ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်ပြီး သင့်ကိုအနိုင်ယူနေတတ်တဲ့သူမျိုးပါ။ အဲလိုလူမျိုးဟာ တစ်ခါတလေ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတတ်တာကြောင့် အမြန်ဆုံး သူနဲ့ဝေးအောင်နေပါ။ သူနဲ့ ယူမိလို့ကတော့ လင်ဆိုးမယား တဖားဖား ဖြစ်နေတော့မှာပါ။

 

ကတိမတည်တတ်တဲ့ယောက်ျား

သင့်ကို ပန်းခင်းကြီးဝယ်ပေးဖို့ ကတိတွေပေးပြီး တကယ်တမ်းကျ ပန်းစည်းတောင်မပေးဖူးတဲ့သူမျိုးပါ။ သင်နဲ့ချိန်းတိုင်း အမြဲတမ်းနောက်ကျနေမှာပါ ဘယ်တော့မှ သူ့စကားအတိုင်း မလုပ်သလို ၊ ဆင်ခြေတွေ အများကြီးကို အချိန်ပြည့်ပေးနေနိုင်တဲ့ သူမျိုးပါ။ အဲလိုလူကို ဝေးဝေးရှောင်ပါ။

 

မယုံကြည်ရတဲ့ ယောက်ျား

အထူးသဖြင့် မိန်းကလေးတွေနဲ့ ပတ်သက်ပြီး မယုံကြည်ရတဲ့ယောက်ျားမျိုးပါ။ အချိန်တိုင်းသင့်ကို ပူပန်သောကတွေကိုပဲ ပေးနေမှာပါ။ သင့်မှာ ဘာမှတောင် ဖြောင့်ဖြောင့်မလုပ်နိုင်ပဲ သူ့ကိုခြေရာခံနေရတာနဲ့တင် ပင်ပန်းနေရမှာပါ လက်ထပ်ပြီးရင်ကောင်းသွားမှာပါ လို့များယောင်လို့တောင်မတွေးပါနဲ့။ ပိုတောင်ဆိုးသွားပါဦးမယ် ။ ဒါကြောင့် ဒီလိုလူကို အစောကြီးကတည်းက ဇယားရှင်းလိုက်တာ အကောင်းဆုံးပါ။

 

မစာနာတတ်တဲ့ယောက်ျား

အိမ်အလုပ်တွေအပါအဝင် အောက်ခြေသိမ်းအလုပ် မှန်သမျှ သင့်တစ်ယောက်တည်းရဲ့ အလုပ်လို့ သတ်မှတ်ထားတဲ့သူမျိုးပါ။ အဲလိုသတ်မှတ်ထားတာကလည်း အဓိကအချက်က စာနာစိတ်မရှိလို့ပါ။ အားနွဲ့တဲ့ မိန်းမသားတွေကို စာနာသနားရကောင်းမှန်း မသိပဲ သိမ်းကြုံးခိုင်းချင်နေတဲ့ ယောက်ျားမျိုးကို ယူရင်တော့ တစ်သက်လုံး ပင်ပန်းကြီးစွာနေရတော့မှာပါ။

 

Credit : Em Em

Myanmar Wedding Guide

 

Read times Last modified on Tuesday, 23 April 2019 17:57
Rate this item
(1 Vote)