အသည်းကွဲပြီးတဲ့နောက် အချစ်စစ်နဲ့ပိုတွေ့နိုင်ပါတယ်

အသည်းကွဲပြီးတဲ့နောက် အချစ်စစ်နဲ့ပိုတွေ့နိုင်ပါတယ် google.com

အချစ်စစ်နဲ့မတွေ့သေးဘူးလား။ တွေ့ရောတွေ့ချင်နေပြီလား။

ဒါဆိုရင်တော့ သင်အသည်းကွဲဖူးပြီလား ဆိုတာကို အရင်စဉ်းစားကြည့်လိုက်ပါ။ လူတစ်ယောက်ဟာ ဘဝမှာ ကြီးမားတဲ့ အမှား၊ ကြီးမားတဲ့ နာကျင်ကြေကွဲမှုမျိုးကို မခံစားဖူးသေးသရွေ့ အချစ်စစ်နဲ့ မတွေ့နိုင်သေးပါဘူး။ ဒါပေမယ့် အသည်းကွဲဖူးတယ်ဆိုရင်တော့ မကြာခင်မှာ အချစ်စစ်နဲ့ တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းလေးတွေကတော့ ဒီမှာပါ။

 

အချစ်တုကို နားလည်သွားတယ်

အသည်းကွဲတဲ့အခါမှာ သိရှိသွားတဲ့ ခါးသီးတဲ့ အမှန်တရားကတော့ ကိုယ့်ကို အသည်းခွဲသွားတဲ့သူဟာ ကိုယ့်ကို အချစ်တုတွေပေးခဲ့တယ်ဆိုတာပါပဲ။ ဒီအမှန်တရားကိုသိရှိဖို့အတွက် အသည်းနှလုံးတစ်ခုလုံးကို ရင်းလိုက်ရတယ်ဆိုပေမယ့်လည်း တစ်ဘဝလုံးစာအတွက် သင်ခန်းစာကို ရရှိလိုက်တာဖြစ်တာကြောင့် အရမ်းတန်ပါတယ်နော်။ အကြောင်းကတော့ အသည်းကွဲတာ ပြန်လည်ကုစားလို့ ရတာကြောင့်ပါ။

 

ကိုယ့်အားနည်းချက်ကိုယ်မြင်လာတယ်

အသည်းကွဲပြီးတဲ့နောက်ပိုင်းမှာ ကိုယ့်အားနည်းချက်ကို မြင်လာပါတယ်။ ကိုယ့်ဖက်က ချို့ယွင်းချက်တွေ၊ ကိုယ့်ဖက်က အားနည်းချက်တွေကို ပြုပြင်ဖို့ သတိရသွားတာဟာ အရှုံးထဲက အမြတ်ပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကို ပြုပြင်လိုက်တဲ့အခါ လုံးဝကို စိတ်သစ် လူသစ်ဖြစ်သွားတာကြောင့် အချစ်စစ်နဲ့ တွေ့ရဖို့ အလားအလာပိုများသွားပါပြီ။

 

ကိုယ်ဘာမှားလဲသိသွားတယ်

အချစ်ရေးတစ်ခု အဆုံးသတ်သွားပြီဆိုရင် နှစ်ဖက်စလုံးမှာ အမှားရှိနေလို့ပါ။ ကိုယ့်ဖက်က အရမ်းကောင်းပေမယ့် သူ့ဖက်ကဖြတ်သွားတယ်ဆိုရင်တောင် အရမ်းကောင်းလွန်းတဲ့ ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ လိုတယ်ဆိုတာကို သိထားပါ။ အကြောင်းကတော့ လောကမှာ ကိုယ်က အရမ်းကောင်းပြရင် အခွင့်အရေးယူတတ်တဲ့သူတွေ များတယ်ဆိုတာကို သင်သဘောပေါက်သွားပါပြီ။ ဒါကြောင့် အချစ်သစ်မှာ တင်းသင့်တာတင်း၊ လျှော့သင့်တာလျှော့ပြီး ဘက်ညီအောင် သင်ထိန်းတတ်သွားပါပြီ။

 

လွယ်လွယ်မချစ်တတ်တော့ဘူး

အသည်းကွဲပြီးနောက်ပိုင်းမှာ လွယ်လွယ်မချစ်တတ်တော့ပါဘူး။ ဒါကလည်း အားသာချက်တစ်ခုပါ။ ကိုယ့်ကို တော်ရုံချစ်တာလောက်နဲ့တော့ ရင်မခုန်တတ်တော့တဲ့အတွက် အချစ်စစ်ကို တွေ့ရှိဖို့ အခွင့်အလမ်း ပိုများသွားပါပြီ။ သင်ဟာ အချစ်ကို စိတ်မဝင်စားတော့ဘူး၊ လွယ်လွယ်နဲ့ ရင်မခုန်တတ်တော့ဘူးဆိုရင် မကြာခင်မှာ အချစ်စစ်နဲ့ တွေ့ရတော့မှာပါ။

 

အချစ်စစ်ကိုရွေးချယ်တတ်သွားတယ်

အသည်းကွဲပြီးနောက်မှာ ကိုယ့်ကို သည်းသည်းလှုပ် ချစ်ပြတိုင်းလည်း ရင်မခုန်တော့ပါဘူး။ အကြောင်းကတော့ မူယာမာယာတွေအကြောင်းကို ကောင်းကောင်းသိသွားလို့ပါ။ ကိုယ့်ကို အချစ်စစ်နဲ့ ချစ်တဲ့သူကို စိတ်ထဲကနေ အလိုလို ခံစားသိရှိနိုင်စွမ်း ရှိသွားပြီး မှန်ကန်တဲ့အချစ်ကို ရွေးချယ်တတ်သွားပါတယ်။

 

Credit : Em Em

Myanmar Wedding Guide 

Read times Last modified on Thursday, 25 April 2019 13:51
Rate this item
(2 votes)