လူ့လောကထဲ ရောက်လာရင် လုပ်ယူလို့မရတဲ့အရာတွေ အများကြီးရှိပါတယ်။
ကုန်ဆုံးသွားတဲ့ အချိန်တွေ ပြန်ယူလို့မရသလို နုပျိုမှုတွေကို အိုမင်းချိန်မှ ပြန်ရယူလိုလို့မရပါဘူး။
ဒီလိုလုပ်ယူလို့မရတဲ့ အရာတွေအများကြီးထဲမှာ အချစ်နဲ့အမုန်းလည်း ပါဝင်နေပါတယ်။ ချစ်စိတ်ဆိုတာ အတင်းလုပ်ယူချစ်ကြည့်လို့မရပါဘူး။
ခံစားချက်တွေကနေတစ်ဆင့် အချစ်ဟာ မွေးဖွားလာတာဖြစ်တဲ့အတွက် ခံစားချက်တွေ ပျော်ဝင်မနေဘဲ အချစ်ဖြစ်လာအောင် လုပ်ယူလို့မရပါဘူး။
ဘယ်လိုမှ ခံစားလို့မရတဲ့သူ့အပေါ် ချစ်ကြည့်ပါလား၊ မရဘူးနော်။ လုံးဝမျက်နှာကြောမတည့်သူဆိုပေမယ့် တစ်ချိန်မှာ ချစ်ရင် ချစ်သွားတတ်ပါတယ်။
ထို့ကြောင့် အချစ်နဲ့အမုန်းဟာ ကျောချင်းကပ် အနေအထားမှာ ရှိနေသလိုပဲ။ အချစ်ကနေ အမုန်းကို ကူးပြောင်းသွားနိုင်သလို အမုန်းကနေ အချစ်ကိုလည်း ကူးပြောင်းသွားနိုင်တယ်။
သို့ပေမယ့် အချစ်နဲ့အမုန်းနှစ်ခုလုံးကို တမင်ဖြစ်အောင် လုပ်ယူလို့တော့မရဘူး။ နှစ်ခုစလုံးက ခံစားချက်တွေကနေ မြစ်ဖျားခံ ဆင်းသက်လာကြတာဖြစ်ပါတယ်။ ခံစားချက်တွေမရှိဘဲ အချစ်နဲ့အမုန်းဆိုတာ ဖြစ်မလာပါဘူး။
တခါတလေမှာ ချစ်နေရင်းနဲ့ ဒီလိုချစ်ခဲ့တဲ့သူကို မုန်းသွားတတ်တယ်။ ဘာကြောင့်လဲဆိုရင် သူကိုယ့်ကိုပေးတဲ့ခံစားမှုတွေက အချစ်မှ အမုန်းဆီ ဦးတည်သွားစေခဲ့လို့ပဲဖြစ်ပါတယ်။
ကိုယ်ကချစ်သလောက် ကိုယ့်အပေါ် တန်ဖိုးထားခြင်းမရှိလို့ သူ့ကို စိတ်ထဲကနေ နာကျင်ခံစားလာမယ်။ သူနဲ့ပတ်သက်သမျှ အသေးစိတ်ကလေးတွေကနေ ကိုယ်က ဂရုစိုက်ပေးသလောက် ကိုယ့်အပေါ် အလေးပေးဆက်ဆံတာမျိုးမရှိရင် ရင်ထဲက နာကျင်ခံစားလာရပါလိမ့်မယ်။
ကိုယ်ကသူ့ကို ပထမဦးစားပေးနေရာထားပေမယ့် သူကကိုယ့်ကို ချောင်ထိုးထားသလို ခံစားရမယ်ဆိုရင်လည်း ရင်နာလာတတ်ပါတယ်။
ရင်နာစရာခံစားချက်တွေကို ထပ်ခါထပ်ခါ အဖန်ဖန် ခံစားနေရရင်း ဒီခံစားမှုတွေကို မခံစားနိုင်တော့တဲ့အဆုံးမှာ ကိုယ်အရမ်းချစ်တယ်ဆိုတဲ့သူကိုလည်း သိစိတ်ကဖြစ်ဖြစ်၊ မသိစိတ်ကဖြစ်ဖြစ် မုန်းလာတတ်ပါတယ်။
ဒီကမှတစ်ဆင့် မခံချင်စိတ်တွေဖြစ်ပေါ်လာနိုင်တယ်။ မုန်းတီးစိတ်ကလေး လှစ်ခနဲ ပေါ်လာချိန်နဲ့ မခံချင်စိတ်တွေ အားကောင်းချိန်မှာ ကိုယ်နာကျင်ခံစားရတဲ့ သူ့အပြုအမူ၊ အပြောအဆိုတွေ ကြုံလာရင်တော့ ကိုယ်ချစ်တဲ့သူအပေါ် စိတ်နာသွားတတ်ကြပါတယ်။