ရေလည်ဂေါ်တဲ့ ယောကျာ်းတွေ

ရေလည်ဂေါ်တဲ့ ယောကျာ်းတွေ google.com

ဥပမာ အိမ်ထောင်ရှိဖူးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကျွန်တော်နဲ့ မင်္ဂလာဆောင်ကြမယ် ဆိုပါစို့။ ကျွန်တော့်မိဘတွေက ဘာပြောကြမယ် ထင်သလဲ။

ဆက်မဖတ်သေးဘဲ သေချာစဉ်းစားကြည့်ပါ။ တချို့ကိစ္စတွေက သူများအတွက်ဆို လက်ခံပေးလို့ ရပေမယ့် ကိုယ်တကယ်ကြုံရရင်ကျ လက်မခံနိုင်ကြဘူး။ လိင်တူချစ်သူတွေကို လက်ခံလားဆို လက်ခံတယ်၊ ဒါပေမယ့် ကိုယ့်သားလေးက အဲ့လိုဖြစ်နေရင်ရောလို့ မေးလိုက်ရင်တော့ တချို့တွေ အသံတိတ်သွားကြတယ်။

ဒါကြောင့် ခုလည်း စဉ်းစားကြည့်ပါ။ ကိုယ့်သား၊ ကိုယ့်တူ၊ ကိုယ်မောင်လေး လူပျိုက၊ အိမ်ထောင်ရှိဖူးသား ကလေးရှိပြီးသား အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် လက်သင့်ခံနိုင်ကြပါ့မလား။

သေချာတယ်၊ ပြင်းပြင်းထန်ထန် မကန့်ကွက်ပါဘူးဆိုရင်တောင် စိတ်ထဲတော့ သိပ်ကြိုက်မှာမဟုတ်ဘူး။ ငါ့သား လူပျိုနုနုထွတ်ထွတ်ကလေး ဆိုပြီး နှမြောနေကြမှာပဲ။

အဲ.. ပြောင်းပြန်အနေနဲ့ သမီးမိန်းကလေးက အိမ်ထောင်ရှိဖူးတဲ့သူနဲ့ လက်ထပ်မယ်ဆိုရင်တော့ ဒီထက်ပိုလက်သင့်ခံနိုင်ကြတယ်။

ဘာလို့လဲ။ ယောကျာ်းလေးကိုကျတော့ အိမ်ထောင်တစ်ခုရဲ့ ဦးဆောင်သူလို့ မြင်ကြတယ်။ သူက ငွေရှာကောင်းရမယ်၊ အရည်အချင်းရှိရမယ်၊ ဦးဆောင်နိုင်ရမယ်။ ဒီလိုဖြစ်အောင်လည်း ကိုယ့်သားကို ပျိုးထောင်ထားတယ်။ ဒီအခါ သူယူမယ့် မိန်းကလေးသည် အရည်အချင်းတွေ၊ ငွေရှာနိုင်စွမ်းတွေထက် ပြစ်မျိုးမှဲ့မထင် ဖြစ်ရမယ်။ အနေအထိုင် ရိုးအေးရမယ်။ ယောကျာ်းကို နားလည်ပေး၊ လိုအပ်တာ ဖြည့်ဆည်းပေးနိုင်ရမယ်။

သမီးမိန်းကလေးကိုတော့ သူများလက်ထဲ ထည့်ပေးလိုက်ရမယ့်သူလို့ မြင်ကြတယ်။ ပျိုးထောင်ကတည်းကလည်း ထက်မြက်ဖို့ထက် လိမ္မာရိုကျိုးဖို့၊ ပွင့်လင်းဖို့ထက် သိမ်မွေ့ဖို့ကို ပိုဦးစားပေးတယ်။ ဒါကြောင့် သူ့ရဲ့အိမ်ထောင်ဖက်ဟာ သူ့ကို အရိပ်အာဝါသ ပေးနိုင်မယ့်သူဖြစ်ရင် မိဘတွေက စိတ်ချပြီ။ ရုပ်မချောလည်း ရတယ်။ အိမ်ထောင်ကျဖူးလည်း ရတယ်။

ဟုတ်ပြီ၊ မိဘအသိုင်းအ၀ိုင်းပြီးတော့ ကျွန်တော့်သူငယ်ချင်းတွေကရော ဘာတွေပြောကြမလဲ။ ဟေ့ကောင် မင်းတော့ အပိုဆုလေးပါ ပါတာပဲကွ၊ ကိုယ်တောင် ကြိုးစားနေစရာ မလိုဘူး ပိုင်တယ်ကွာ ဘာညာပြောကြမယ်။

အပျိုမစစ်တော့တဲ့ မိန်းကလေးနဲ့ ချစ်ကြိုက်မိရင် အဲ့ဒီလူကို နွားလို့ ပြောကြတယ်။ သူ့ရဲ့အရင်ရည်းစားက ခုလက်ရှိတစ်ယောက်ကို အဲ့လိုလာခိုင်းနှိုင်းပြီး ပြောတာတွေရှိတယ်။ ဒါပေမယ့် လူပျိုမစစ်တော့တဲ့ ယောကျာ်းလေးနဲ့ ကြိုက်မိလို့တော့ အဲ့မိန်းကလေးကို ဘယ်သူကမှ နွားမလို့ မပြောကြဘူး။

မိန်းကလေးအများစုက သူတို့ကောင်လေးတွေနဲ့ ပတ်သက်ရင် နောက်ဆုံးပဲ ဖြစ်ချင်တယ်၊ အရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်၊ သူ့နောက်မှာ ဒါတွေဆက်မလုပ်တော့ရင် ပြီးရော ဆိုတဲ့ သဘောရှိပေမယ့် ယောကျာ်းလေးအများစုကတော့ သူတို့မိန်းကလေးနဲ့ ပတ်သက်ရင် ပထမဆုံး ဆိုတာပဲ ဖြစ်ချင်တယ်။ ရည်းစားဦး ဖြစ်ချင်တယ်။ အပျိုစင်ဘ၀ကို လိုချင်တယ်။

အဲဒီလိုစိတ်အခံတွေက ယောကျာ်းလေးတွေဆီမှာ ရှိနေတတ်တော့ အစက ကိုယ့်ဟာကိုယ် အဆင်ပြေနေရင်တောင်မှ အဲ့လိုတွေ ပြောခံရပါ များလာတဲ့အခါ ယောကျာ်းတစ်ယောက်ရဲ့ Ego (အတ္တ)ကို ထိလာတယ်။ ပြဿနာတွေ ဖြစ်လာတယ်။ Relationship မှာ အပ်ကြောင်းတွေ ထင်လာတယ်။ ဘ၀နှစ်ခု ပေါင်းစည်းဖို့ရာ အဆင်မပြေတော့ဘူး။

တကယ်တော့ Relationship တစ်ခု အဆင်ပြေဖို့ဆိုတာ တော်တော်လေး သိမ်မွေ့ပါတယ်။ ဘယ်လောက်အကုန်အကျခံ မင်္ဂလာဆောင်ထားတယ်၊ လူရှေ့သူရှေ့မှာ ဘယ်လောက် ရိုမန်တစ်ဆန်ဆန်တွေ လုပ်ပြနိုင်တယ် ဆိုတာထက် တကယ်အရေးကြီးတဲ့ အနှစ်သာရပိုင်းတွေ အများကြီးရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားမှု တူဖို့တွေ၊ လေးစားမှုထားဖို့တွေ၊ ဖြည့်တွေးပေး နားလည်ပေးနိုင်ဖို့တွေ၊ လိင်မှုကိစ္စတွေမှာ အဆင်ပြေနေဖို့တွေ စသဖြင့် လိုအပ်ချက်တွေ များပါတယ်။

ဒါပေမယ့် ကျွန်တော်တို့တွေက အပျိုစစ်ခြင်း မစစ်ခြင်းတွေ၊ ပထမဆုံးတွေ နောက်ဆုံးတွေနဲ့ လည်ထွက်နေကြတယ်။ ဒီအပေါ်မှာ အခြေခံပြီး သူက အပျိုလေးကို ရလိုက်တော့ တန်တာပေါ့တို့ ဘာတို့ ဖြစ်ကုန်ကြတယ်။

တကယ်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေကြတယ်ဆို ပြီးတာပါပဲ။ ဘာလို့များ ဘေးကနေ တန်တယ် မတန်ဘူး၊ သာတယ် နာတယ် တွက်နေကြမလဲ။

လေးစားရတဲ့ ဆရာတစ်ယောက် ပြောဖူးသလို Social norms are dynamic ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းကြားထဲမှာ ရှိနေတဲ့ သတ်မှတ်ချက်တွေဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။ အရင်က မော်ဒယ်မင်းသမီးတစ်ယောက် Bikini ၀တ်ထားရင် ရစရာမရှိအောင် ကဲ့ရဲ့ကြပေမယ့် ခုခေတ်မှာတော့ သာမန်မိန်းကလေးတွေတောင် ၀တ်လာကြပြီ။ ဒါဟာ ရှက်စရာဆိုတာထက် မိုက်တယ်၊ Cool ဖြစ်တယ်လို့ မြင်လာကြပြီ။ သူတို့ခန္ဓာကိုယ်အလှကို ချီးကျူးလာကြပြီ။

ဒီသဘောတရားပါပဲ။ မိန်းမဆိုတာ လင်ယောကျာ်းရှိမှ တင့်တယ်တယ်။ လင်မရှိတဲ့မိန်းမ မျက်နှာငယ်တယ်။ တစ်ခုလပ်တို့ မုဆိုးမတို့ဆို အထင်သေးတယ်။ ဒါပေမယ့် ခုခေတ်မှာတော့ ယောကျာ်းမရှိလည်း တင့်တယ်နေတဲ့၊ ဘယ်သူကမှ အထင်မသေးရဲတော့တဲ့ Single mother တွေ ရှိလာခဲ့ပြီ။

တကယ်တော့ သေချာစဉ်းစားကြည့်ရင် လက်ထပ်တယ်ဆိုတာ အားကိုးရှာတာလည်း မဟုတ်လို့ အိမ်ထောင်ပျက်သွားခြင်းဟာ အားကိုးမဲ့သွားတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အားကိုးလို့ရတယ်။ လင်မရှိတဲ့ မိန်းမက မျက်နှာငယ်စရာ မလိုဘူး။ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်စွမ်းမရှိတဲ့ မိန်းမကသာ မျက်နှာငယ်ရမှာ။ ဒါကြောင့် ကိုယ့်ဝင်ငွေကိုယ်ရှာပြီး တည်တည်ငြိမ်ငြိမ် ရပ်တည်နေတဲ့ အမျိုးသမီးတစ်ယောက်ဟာ လူတွေသိပ်တန်ဖိုးထားနေကြတဲ့ အပျိုစစ်ခြင်း ဆိုတာကြီး မရှိတော့တာကလွဲရင် ကျန်တဲ့ ဘယ်တန်ဖိုးမှ ယုတ်လျော့မသွားဘူး။ ဒီလိုအိမ်ထောင်ကွဲသွားတဲ့ အမျိုးသမီးမှမဟုတ်ဘူး၊ သူ့ဟာသူနေနေရင်း အဓမ္မပြုကျင့်ခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်မှာလည်း ဘာတန်ဖိုးမှ ပျောက်ဆုံးသွားခြင်း မရှိဘူး။ ဒါကြောင့် ကိုယ်ချစ်မိတဲ့ မိန်းကလေးဆီမှာ ဒီလိုဆိုးရွားတဲ့ အတိတ်ဇာတ်လမ်းမျိုး ရှိခဲ့ဖူးတယ်ဆိုတာ သိလိုက်ရလို့လည်း ဘာမှပြောင်းလဲသွားစရာ မရှိဘူး။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကိုယ်သာ လူပျိုမစစ်ချင်နေမယ်၊ ယူမယ့်မိန်းကလေးကျ အပျိုစစ်မှကြိုက်တဲ့ ယောကျာ်းတွေ၊ မိန်းကလေးတစ်ယောက်ဆီက အပျိုစင်ဘ၀ရဖို့ကို မဟာအောင်မြင်မှုလို သဘောထားနေကြတဲ့ ယောကျာ်းတွေ၊ ကိုယ်နဲ့အရင်က ဖြစ်ခဲ့တာတွေကို သူ့ရဲ့လက်ရှိရည်းစားကို သွားပြောပြီး မင်းတော့ နွားဖြစ်နေပြီဆိုတဲ့ ပုံစံနဲ့ ပွဲခံနေတဲ့ ယောကျာ်းတွေ များလှတဲ့အချိန်မှာ ဒီလိုစံနှုန်းသတ်မှတ်ချက်တွေကို ပစ်ပယ်ပြီး ကိုယ်တည်ဆောက်ချင်တဲ့ Relationship တစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်ရဲတဲ့ ယောကျာ်းတွေကိုတွေ့ရင် ကျွန်တော်ကတော့ ရေလည်ဂေါ်တဲ့သူတွေလို့ပဲ သတ်မှတ်ပါတယ်။

တစ်ခါတစ်လေမှာ ရုပ်ချောချော၊ အသက်ငယ်ငယ်၊ ကိုယ်ပိုင်အရည်အချင်းမရှိတဲ့ ယောကျာ်းလေးတစ်ယောက်က အိမ်ထောင်ရှိဖူးတဲ့ အမျိုးသမီး၊ သူ့ထက်လည်း အသက်ကြီးပြီး ပိုက်ဆံချမ်းသာတဲ့သူနဲ့ လက်ထပ်ကြတာတွေလည်း ရှိပါတယ်။ ဒါကတော့ မိန်းကလေးတွေ အိမ်ထောင်ရှိဖူးတဲ့ အမျိုးသားကို လက်ထပ်တာနဲ့ သဘောတရားချင်း သွားဆင်တယ်။ အရိပ်ခိုချင်ကြတာပေါ့။

ခုပြောခဲ့တာကတော့ အဲ့လိုတွေ အရိပ်ခိုတာတွေ၊ အားကိုးတာတွေ၊ မှီခိုတာတွေမပါဘဲ ကိုယ့်မှာလည်း အရည်အချင်းရှိတယ်၊ ၀င်ငွေရှိတယ်၊ ငွေကြေးတွေ ဂုဏ်ဒြပ်တွေကြောင့် မဟုတ်ဘဲ အိမ်ထောင်ရှိဖူးတဲ့ အမျိုးသမီးတစ်ယောက်၊ သူ့ဆန္ဒမပါဘဲ အပျိုရည်ပျက်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်နိုင်ပြီး လက်တွဲဖို့ ဆုံးဖြတ်ရဲတဲ့ ယောကျာ်းတွေကို ရည်ရွယ်တာ ဖြစ်ပါတယ်။

 

Myanmar Wedding Guide

 

Credit;ဒေါက်တာ ဖြိုးသီဟ

Read times Last modified on Wednesday, 19 September 2018 10:29
Rate this item
(1 Vote)