ကလောဆိုတဲ့ တောင်ပေါ်မြို့လေးကို ပျားရည်ဆမ်းကြမယ်

ကလောဆိုတဲ့ တောင်ပေါ်မြို့လေးကို ပျားရည်ဆမ်းကြမယ် google.com

ကလောမှာက တည်းခိုစရိတ်တွေ၊ စားစရိတ်တွေ ဈေးသိပ်မကြီးတဲ့အတွက် ငွေကုန်မများဘဲ ဟန်းနီးမွန်းသွားချင်တဲ့ စုံတွဲလေးတွေ အတွက်သင့်တော်ပါတယ်။

 

ဟန်းနီးမွန်းခရီးထွက်ဖို့အတွက် အကောင်းဆုံးလို့သတ်မှတ်လို့ရတဲ့ ပြည်တွင်းခရီးစဉ်လေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ လူသွားများတဲ့ ကမ်းခြေတွေဘက် မသွားချင်ဘဲ တိတ်ဆိတ်အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ သဘာဝအလှလေးတွေ ခံစားရင်း ရိုမန်တစ်ဆန်တဲ့ ဟန်းနီးမွန်းအမှတ်တရလေးတွေ ဖန်တီးချင်တယ်ဆိုရင် တောင်ပေါ်မြို့လေးဖြစ်တဲ့ ကလောမြို့လေးကို ဟန်းနီးမွန်းထွက်ဖို့ အကြံပေးချင်ပါတယ်။

 

 

သဘာဝတရားတွေ

 

လက်ဖက်ခင်းစိမ်းစိမ်းတွေရယ်၊ ထင်းရူးပင်တွေရယ် ကပေးတဲ့ ပေးတဲ့ စိမ်းလန်းခြင်းဆိုတဲ့ သဘာဝအလှရယ် လူနေသိပ်သည်းမှု၊ မွန်းကျပ်ဆူညံမှုနဲ့ ဓာတုဓာတ်ငွေ့တွေ ပြည့်နှက်နေတဲ့ မြို့ပြရဲ့ ဆန့်ကျင်ဘက် လတ်ဆတ်သန့်ရှင်းတဲ့ လေအေးအေးလေးတွေရယ် စိန်ပန်းပြာတွေ ပွင့်တတ်တဲ့တောင်ပေါ်လမ်းလေးတွေရယ် ရှေးမူမပျက်သေးပေမယ့် အနောက်တိုင်းဆန်ဆန် ခန့်ထည်နေတဲ့ အိမ်မြင့်မြင့်ကြီးတွေရယ်က စုံတွဲလေးတို့ရဲ့ ဟန်းနီးမွန်း ကာလလေးကို လှပတဲ့ခံစားချက် အမှတ်တရတွေ ပေးစွမ်းမှာပါ။

 

 

ရှေးမူမပျက်သေးပေမယ့် အနောက်တိုင်းဆန်ဆန် ခန့်ထည်နေတဲ့ အိမ်မြင့်မြင့်ကြီးတွေ

 

မနက်ခင်း စောစောစီးစီး အေးအေးချမ်းချမ်းလေးမှာ နှစ်ဦးသားမြို့အနှံ့ စက်ဘီးလေးပတ်စီးပြီး ကော်ဖီဆိုင်ထိုင်လို့ရသလို မြို့တခွင် စုံစုံလင်လင်နေရာအနှံ့ လည်ပတ်ချင်တယ်ဆိုရင် ဆိုင်ကယ်တွေ E-Bike တွေငှားပြီး လည်ပတ်လို့ရပါတယ်။ မြို့အနှံ့လည်ပတ်တာထက် လှပတဲ့လမ်းလေးတွေမှာပဲ စက်ဘီးလေးနင်းကြဖို့ အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟန်းနီးမွန်းခရီးဆိုတာ လေ့လာရေးခရီးလို နေရာအနှံ့ရောက်ဖို့မလိုဘဲ ရောက်တဲ့နေရာမှာပဲ ပျော်စရာကြည်နူးစရာ ကိစ္စလေးတွေကို အတူတကွ လုပ်ဆောင်ကြဖို့ ပိုအရေးကြီးပါတယ်။

 

 

အမှတ်တရတွေ ဖန်တီးမယ်

 

သမီးရည်းစား ဘဝတုန်းက တစ်ညလုံး မအိပ်ဘဲ ဖုန်းပြောခဲ့ကြသလို ဟန်းနီးမွန်းညလေးတွေကိုလည်း အိပ်ပစ်လိုက်ဖို့ နှမြောလို့ တစ်ယောက်မျက်နှာတစ်ယောက် တစိမ့်စိမ့်ငေးပြီး စကားပြောချင်တယ်ဆိုရင်လည်း ညလုံးပေါက်ထိုင်လို့ရတဲ့ အလင်းဆိုင်လေးတွေ ကလောမှာရှိပါတယ်။ ထိုင်လို့လည်း သိပ်ကောင်းပါတယ်။ ပြီးတော့ ကလောမှာက တည်းခို စရိတ်တွေ၊ စားစရိတ်တွေ ဈေးသိပ်မကြီးတဲ့အတွက် ငွေကုန်မများဘဲ ဟန်းနီးမွန်း သွားချင်တဲ့ စုံတွဲလေးတွေအတွက် သင့်တော်ပါတယ်။

 

 

မြို့အနှံ့ စက်ဘီးလေးပတ်စီးပြီး ကော်ဖီဆိုင်ထိုင်လို့ ရပါတယ်

 

ငွေကျပ် ငါးထောင် ရှစ်ထောင် ဝန်းကျင်နဲ့ သန့်သန့်ပြန့်ပြန့် တည်းခိုစရာနေရာလေးတွေ ရနိုင်သလို ဒေသထွက်ရှမ်းအစားအစာတွေကိုလည်း လတ်လတ်ဆတ်ဆတတ် အရသာရှိရှိ စားလို့ရတာပါပဲ။ အစားတစ်လိုင်း စုံတွဲလေးတို့အတွက် သတင်းကောင်းကတော့ ကလောမှာ တစ်ယောက်ကို သုံးထောင်နှုန်းနဲ့ အဝစားလို့ရတဲ့ ဟော့ပေါ့ဆိုင်တွေ ရှိတာပါပဲ။ ဒီတော့ ပိုက်ဆံလည်း သိပ်မကုန်ဘဲ အစစအရာရာအဆင်ပြေတဲ့ ကလောဆိုတဲ့ တောင်ပေါ်မြို့လေးမှာ ပျားရည်ဆမ်းကြတာ မကောင်းဘူးလား။

 

 

Credit;Marry

Read times Last modified on Monday, 08 October 2018 15:24
Rate this item
(1 Vote)