မင်္ဂလာပွဲ အခမ်းအနားတွင် စိတ်ချမ်းသာစေဖို့အတွက် အချက်များ

မင်္ဂလာပွဲ အခမ်းအနားတွင် စိတ်ချမ်းသာစေဖို့အတွက် အချက်များ Shwe Mhone Yati's Facebook

အောက်ပါ အချက်တွေ လုပ်မယ်ဆိုရင်တော့ ကုန်ကျစရိတ်နည်းပြီး ခမ်းနားတဲ့ မင်္ဂလာဧည့်ခံပွဲလေး ဖြစ်မှာ သေချာပါတယ်။

 

မင်္ဂလာဆောင်တဲ့အခါ မောင်နှံများအနေနဲ့ မင်္ဂလာဧည့်ခံပွဲဆိုတာ ချဲ့ ရင် ချဲ့ သလောက် ငွေကုန်ကြေးကျ များလွန်းပါတယ်။ ဒီတော့ ခမ်းခမ်းနားနားလည်း ဆောင်ချင်တယ်၊ ကုန်ကျစရိတ်ကိုလည်း တတ်နိုင်သလောက် ချုံ့ မယ်ဆိုရင် ကုန်ကျစရိတ် နည်းမယ့် နည်းလမ်းလေးတချို့ သိထားဖို့ လိုပါတယ်။ သို့မှသာ သတို့သား၊ သတို့သမီးတို့ စိတ်ချမ်းချမ်းသာသာ၊ အကြွေးမတင်ဘဲ မင်္ဂလာပွဲလေး ပြီးဆုံးမှာပါ။


ပိုက်ဆံကြိုစုခြင်း
မင်္ဂလာပွဲ ရက်သတ်မှတ်ပြီးတာနဲ့ ပိုက်ဆံကြိုစုပါ။ နှစ်ဦးစလုံး သေသေချာချာလေး တစ်လကို ဘယ်လောက်စုမယ်ဆိုတာ သတ်မှတ်ပြီး စုပါ။


ငွေပမာဏတစ်ခု သတ်မှတ်ခြင်း
မင်္ဂလာဧည့်ခံပွဲကို ဘယ်လောက် အကုန်အကျခံမယ်လို့ ပမာဏတစ်ခုခု သတ်မှတ်ထားပါ။ ဒီလိုမှ မဟုတ်ရင် ဟိုဟာလေး ချဲ့လိုက်၊ ဒီဟာလေး တိုးလိုက်နဲ့ ကုန်ကျစရိတ် များသွားနိုင်ပါတယ်။


အပြင်အဆင်
မင်္ဂလာခန်းမ အပြင်အဆင်စရိတ်က ဧည့်ခံပွဲမှာ အများဆုံး ကုန်ကျတာပါပဲ။ ဒီတော့ အပြင်အဆင်ကို ပန်းအစစ်တွေချည်း မသုံးဘဲ၊ ပန်းအတုတွေဆိုရင်တော့ သက်သာနိုင်ပါတယ်။ နောက်ပြီး ပူဖောင်းလေးတွေ၊ ဖဲကြိုးလေးတွေ စီစဉ်တာကလည်း သက်သက်သာသာနဲ့ လှပါတယ်။ ပန်းအစစ်ပဲ သုံးမယ်ဆိုရင်တော့ ရာသီပေါ်ပန်းလေးတွေ သုံးပါ။


ခရီးစရိတ်
မင်္ဂလာဧည့်ခံပွဲ ကျင်းပဖို့ ပြင်ဆင်တဲ့အခါမှာ အသွားအလာစရိတ်တွေ ကုန်ကျပါတယ်။ ဒီအခါမှာ မထင်ထားတဲ့ ငွေပမာဏ အပိုထွက်နိုင်ပါတယ်။ ဖိတ်စာဖိတ်တာ၊ ခန်းမ၊ အပြင်အဆင်တွေအတွက် ဆွေးနွေးဖို့ သွားရတာတွေအတွက်ရောပေါ့။ တတ်နိုင်သလောက် လမ်းကြောင်းချုံ့ပြီး သွားပါ။


အခမ်းအနား
မင်္ဂလာဧည့်ခံပွဲ အခမ်းအနားမှာ တီးဝိုင်းတွေ မငှားဘဲ မင်္ဂလာအချစ်သီချင်းလေးတွေ ဖွင့်တာမျိုး လုပ်ပါ။ ကိုယ့်အသိတွေထဲမှာ ဖိတ်စာရိုက်ဖို့၊ အခမ်းအနားမှူးလုပ်တတ်တဲ့သူ ရှိလား၊ ဓါတ်ပုံကောင်းကောင်း ရိုက်ပေးတတ်တဲ့သူ ရှိလားဆိုတာ နည်းနည်းလောက် စဉ်းစားကြည့်ပါ။ ဒီလိုဆိုရင် အခမ်းအနားအတွက် ကုန်ကျစရိတ်တွေ အရမ်းသက်သာ သွားမှာပါ။


ဝတ်စုံ
ဝတ်စုံကိုလည်း အသစ်အပိုင် မဝယ်ဘဲ ငှားတာ၊ အသစ်ငှားတာ လုပ်ပါ။ ဒီလိုဆိုရင် အရောင်လှလှလေးနဲ့ ဝတ်စုံလေး ရရှိနိုင်မှာဖြစ်ပြီး စရိတ်သက်သာသလို အဝတ်အစားတွေ သီးသန့် တယုတယ သိမ်းထားစရာလည်း မလိုတော့ဘူး။


အကျွေးအမွေး
အကျွေးအမွေးကို ခန်းမကနေ အော်ဒါမယူဘဲ ကိုယ်တိုင်ချက်တာ ဒါမှမဟုတ် ကိုယ်တိုင်သေချာ စုံစမ်းပြီး အပ်တာမျိုးဆိုရင် စရိတ်သက်သာပါတယ်။ ကိုယ့်အိမ်မှာ ချက်တတ်တဲ့သူခေါ်ပြီး ချက်ခိုင်းတာမျိုးလည်း လုပ်လို့ရပါတယ်။


ဓါတ်ပုံ
Pre wedding ရိုက်ချင်တယ်ဆိုရင်လည်း ဝတ်စုံအများကြီး မရွေးဘဲ လှလှလေး တစ်စုံကိုပဲ indoor ရိုက်ပါ။ ဒီလိုဆိုရင် အမှတ်တရ ဖြစ်တဲ့အပြင် စရိတ်လည်း နည်းပါတယ်။ မင်္ဂလာပွဲနေ့ကိုတော့ များများ ရိုက်လို့ ရပါတယ်။
အထက်ပါ အချက်တွေ အားလုံးကို သေသေချာချာလေး စိစစ်ပြီး လုပ်မယ်ဆိုရင်တော့ ကုန်ကျစရိတ်နည်းပြီး ခမ်းနားတဲ့ မင်္ဂလာဧည့်ခံပွဲလေး ဖြစ်မှာ သေချာပါတယ်။

 

Read times Last modified on Monday, 05 November 2018 13:28
Rate this item
(1 Vote)
Tagged under