အိမ်ထောင်ဦးကာလမှာ လင်မယားတိုင်းရှောင်ရမယ့် အမှားများ

အိမ်ထောင်ဦးကာလမှာ လင်မယားတိုင်းရှောင်ရမယ့် အမှားများ google

အိမ်ထောင်ဦးကာလမှာ အဆင်မပြေတာတွေ မဖြစ်ရလေအောင် ရှောင်ရမယ့် အချက်လေးတွေ ရှိပါတယ်နော်။

 

အိမ်ထောင်ဦးကာလဆိုတာ ချစ်သူဘဝကနေ တစ်ဆင့်တက်လို့ အိမ်ထောင်သည်ဘဝကို စရောက်တဲ့ ကြည်နူးစရာ ကာလလေးပါ။ ဒီလိုမျိုး သာယာကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ဦးကာလမှာ အဆင်မပြေတာတွေ မဖြစ်ရလေအောင် ရှောင်ရမယ့် အချက်လေးတွေ ရှိပါတယ်နော်။

 

ညားခါစ လင်မယားဆိုတာ သူများတွေ အားကျရလောက်အောင်၊ သူများတွေ အမြင်ကပ်ရလောက်အောင်ကို ချစ်ခင်ကြင်နာနေရမယ့် သူတွေမလားနော်။ ဒီလိုအချိန်မှာ စိတ်ညစ်စရာ ဖြစ်စေမယ့် ကိစ္စတစ်ခု ရှိပါတယ်။ အဲဒါကတော့ မင်္ဂလာပွဲမှာ ဖြစ်ခဲ့တဲ့ အဆင်မပြေတာတွေပါ။ မင်္ဂလာပွဲ စီစဉ်တဲ့အခါမှာ မထင်မှတ်ဘဲ မှားခဲ့တဲ့ အမှားလေးတွေ အဆင်မပြေခဲ့တာတွေကို နင့်ကြောင့်၊ ငါ့ကြောင့်ဆိုပြီး ပြန်လည်ပြောဆိုတာမျိုး၊ အဆင်မပြေတာတွေကို ထိုင်ညည်းနေတာမျိုး လုံးဝ မလုပ်ပါနဲ့နော်။ တစ်ချို့စုံတွဲလေးတွေက အဲဒီလိုတွေ ပြန်ပြောကြရင်း တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။

မင်္ဂလာဦးမှာ လက်ဖွဲ့ကိစ္စတွေ မပြောဖို့ သတိထားပါနော်။ မင်္ဂလာဦးမှာ လက်ဖွဲ့ပစ္စည်းလေးတွေ ဖောက်ကြည့်ကြတာ၊ လက်ဖွဲ့ပစ္စည်းဆိုတာ အိမ်ထောင်ဦးပစ္စည်းတွေပဲမလို့ စုံတွဲလေးတို့ သဘောကျ နှစ်ခြိုက်မိကြမှာပါ။ တခါတလေမှာတော့ ဘယ်သူက ဘယ်ပစ္စည်းကို လက်ဖွဲ့တာ၊ ဘယ်ဟာကတော့ ငါဖိတ်ထားတဲ့သူ အစရှိသဖြင့် စကားနိုင်လုရင်း အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုကိစ္စတွေ မပြောဖို့ သတိပြီး ရှောင်ရပါမယ်နော်။

 

အိမ်ထောင်သည်ဘဝအစ ဖြစ်တဲ့အတွက် ချစ်သူဘဝတုန်းကလို စိတ်နေစိတ်ထားလေးတွေ အပြုအမူလေးတွေ ရှိနေဦးမှာပါပဲ။ အိမ်ထောင်သည်ဘဝနဲ့ အသားမကျတာတွေ ဖြစ်တတ်ပါတယ်။ ယောက်ျားလေးကလည်း အရင်ကလိုပဲ အိမ်ပြန်ချိန် နောက်ကျတာမျိုး၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တာမျိုးလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။ မိန်းကလေးကလည်း အိမ်မှုကိစ္စကို သေချာ မကျွမ်းကျင်တာမျိုး ရှိတတ်ပါတယ်။ အိမ်ထောင်သည်ဘဝအစမှာတော့ နေသားမကျသေးတဲ့အတွက် အဆင်မပြေတာလေးတွေ ရှိနေနိုင်ပါတယ်။ ဒီအချက်တွေကို တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးဖို့လိုပါတယ်။ ဒါမှသာ အိမ်ထောင်ဦးကာလမှာ အဆင်ပြေမှာပါ။

 

အိမ်ထောင်သည်ဘဝစရောက်ပြီဆိုရင် ချစ်တင်းနှောခြင်း ကိစ္စလည်း ပါဝင်လာပါပြီနော်။ အိမ်ထောင်သည်ဘဝမှာ ချစ်တင်းနှောခြင်းဆိုတာကလည်း အရေးပါတဲ့ကိစ္စပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တင်းနှောခြင်းမှာ စစချင်းအဆင်မပြေတာတွေ ရှိရင်လည်း နားလည်သည်းခံဖို့ လိုပါတယ်နော်။ နားလည်မပေးဘဲ ဒေါသထွက်တာ၊ စိတ်ဆိုးတာမျိုး မလုပ်မိအောင် လုပ်ရပါမယ်နော်။

 

ကြင်စဦးမောင်နှံလေးတို့ရေ အိမ်ထောင်ဦးကာလလေးမှာ အဆင်ပြေ ချောမွေ့နေအောင် အပေါ်မှာ ပြောပြထားတဲ့ အချက်လေးတွေ ရှောင်ပါနော်။ ဒီလိုဆိုရင်တော့ သာယာချောမွေ့တဲ့ အိမ်ထောင်ရေးလေး ဖြစ်နေမှာ သေချာပါတယ်။

 

 

Credit;Marry

Read times Last modified on Wednesday, 19 December 2018 13:48
Rate this item
(1 Vote)