မင်္ဂလာဆောင်စီစဉ်တဲ့အခါ ဖြစ်တတ်တဲ့အမှားများ

မင်္ဂလာဆောင်စီစဉ်တဲ့အခါ ဖြစ်တတ်တဲ့အမှားများ google.com

မင်္ဂလာဆောင်တစ်ပွဲစီစဉ်ရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။

မင်္ဂလာဆောင်စီစဉ်တဲ့အခါမှာ ကိုယ့်စိတ်တိုင်းကျမဟုတ်ဘဲ လွဲချော်တတ်တာလေးတွေ ဖြစ်တတ်ပါတယ်။ ငွေကုန် လူပန်းပြီး စိတ်တိုင်းကျ မဖြစ်ရင် စုံတွဲလေးတို့ပဲ စိတ်ညစ်ရမှာလေ။ ဒီတော့ မင်္ဂလာဆောင် စီစဉ်တဲ့အခါမှာ ဖြစ်တတ်တဲ့ အမှားလေးတွေ သိထားဖို့ လိုပါတယ်။ ဒါမှ အဆင်ပြေမှာပါ။

 

ကုန်ကျစရိတ် မသတ်မှတ်ထားခြင်း

စုံတွဲလေးတို့ မင်္ဂလာဆောင်ဖို့စီစဉ်ပြီဆိုရင်တော့ ကုန်ကျစရိတ်ကို ငွေပမာဏတစ်ခု အတိအကျသတ်မှတ်ပါ။ သိန်း(၅၀)(၁၀၀) အစရှိသလိုပေါ့။ ကိုယ်တကယ်ကုန်ကျနိုင်မယ့်စရိတ်ကို နှစ်ယောက်တိုင်ပင်ပြီး သတ်မှတ်ပါ။ တချို့စုံတွဲလေးတွေက ကုန်ကျစရိတ်အတိအကျမသတ်မှတ်ဘဲ တဖြည်းဖြည်းစီစဉ်ပြီး အားလုံးငွေပေါင်းလိုက်မှ မှန်းထားတာထက် ပိုပြီးကုန်ကျနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် စီစဉ်နေရင်းနဲ့ စိတ်ပျက်တာတွေ ဖြစ်လာမှာမို့ ကုန်ကျစရိတ် သေချာမသတ်မှတ်ထားတာ စီစဉ်ရင်းဖြစ်တတ်တဲ့ အမှားတစ်ခုပါ။

 

Handmade တွေလုပ်တာ

ခုနောက်ပိုင်းမှာ Handmade လေးတွေ ပိုပြီးခေတ်စားလာပါတယ်။ စုံတွဲလေးတို့အနေနဲ့ အမှတ်တရနဲ့ပျော်စရာကောင်းအောင် Handmade လုပ်တာကောင်းပေမယ့် တခြားစီစဉ်စရာတွေကလည်း ကိုယ်ပဲလုပ်ရမယ်၊ အလုပ်လည်း တစ်ဖက်နဲ့ဆိုရင်တော့ Handmade လုပ်တာက ပင်ပန်းပြီး အချိန်တွေပိုကုန်စေမှာပါ။ အကယ်လို့ ကိုယ်ကအမှတ်တရအနေနဲ့ Handmade မဖြစ်မနေလုပ်ချင်တယ်ဆိုရင်လည်း တစ်မျိုးလောက်ပဲလုပ်ပါနော်။ ဥပမာ လက်ကိုင်ပန်း၊ ဖိတ်စာအရေအတွက် တစ်ဝက်လောက်ပေါ့။ အကုန်လုံးကိုယ်တစ်ယောက်တည်းပဲ Handmade လုပ်နေရင် ပွဲနီးမှမနားရတော့တာမျိုး တခြားကိစ္စတွေစီစဉ်ဖို့ အချိန်မပေးနိုင်တာတွေ ဖြစ်တတ်တာကြောင့်ပါ။

 

ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေ

မင်္ဂလာဆောင်အတွက် ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေနဲ့ ဆက်သွယ်ပြောဆိုရမှာ စုံတွဲလေးတိုင်းကြုံတွေ့ရမှာပါ။ ဒီလိုကိစ္စတွေထဲမှာ အဆင်ပြေတာတွေရော၊ မပြေတာတွေရော ရှိမှာသေချာပါတယ်။ ကိုယ့်မင်္ဂလာပွဲအတွက် စိုးရိမ်စိတ်ပူတာက ဖြစ်လေ့ရှိပေမယ့် ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေကို ခဏခဏဖုန်းတွေဆက်ပြီး အသေးစိတ် ဂရုစိုက်တာမျိုးမလုပ်ပါနဲ့နော်။ ဖိတ်စာဆိုရင်လည်း ကိုယ်ကသေချာပြောပြီးအပ်ပါ၊ သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ ယုံကြည်ထားပါ။ ခဏခဏ ဂျီတွေကျပြီး စိုးရိမ်စိတ်နဲ့ပြောတာတွေကဝန်ဆောင်မှုပေးတဲ့ဆိုင်အတွက် အဆင်မပြေတာတွေဖြစ်နိုင်ပါတယ်။ ရလဒ်မကောင်းရင်စုံတွဲလေးတို့ပဲ အဆင်မပြေမှာပါ။ ဒါကြောင့်ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေကို ခဏခဏဖုန်းဆက်ဂျီကျတာမျိုး မလုပ်ပါနဲ့နော်။

 

ကြိုတင်လေ့ကျင့်တာမျိုးမရှိတာ

မင်္ဂလာဆောင်စီစဉ်နေတဲ့အချိန်မှာ စုံတွဲလေးတို့ နောက်ထပ် လုပ်မိတတ်တဲ့ အမှားကတော့ ကြိုတင်လေ့ကျင့်တာမျိုးမရှိတာပါ။ မိတ်ကပ် အစမ်းမပြင်တာ၊ ဓါတ်ပုံလှဖို့ ပို့စ်တွေ မလေ့ကျင့်ထားတာ၊ ဖိနပ် စီးပြီး လမ်းလျှောက်မကျင့်တာတွေက မင်္ဂလာပွဲမှာ အဆင်မပြေ ဖြစ်စေတတ်တဲ့ အမှားပါ။

 

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ စီစဉ်ရင်း လုပ်မိတတ်တဲ့ အမှားတွေကို သိထားပြီးပြီဆိုရင် မမှားအောင် ကြိုတင်စီစဉ်ထားရင် စိတ်မညစ်ရတဲ့ မင်္ဂလာပွဲလေး ဖြစ်လာမှာပါနော်။

 

 

Source : Marry

Myanmar Wedding Guide

Read times Last modified on Tuesday, 05 March 2019 11:19
Rate this item
(1 Vote)