ယောက္ခမ၊ ယောက်ဖနဲ့ ယောင်းမတွေ ဆိုတာ ပြဿနာလူသားတွေလား

ယောက္ခမ၊ ယောက်ဖနဲ့ ယောင်းမတွေ ဆိုတာ ပြဿနာလူသားတွေလား google

အိမ်ထောင်ပြုကြတော့မယ့် သတို့သားလောင်း၊ သတို့သမီးလောင်းတို့ရေ။ လူနှစ်ဦးနှစ်ယောက် ပေါင်းစပ်တဲ့ ကိစ္စက ထင်သလောက် မလွယ်ကူပါဘူး။

သမီးရည်းစားဘဝမှာ အချစ်တစ်ခုရှိရုံနဲ့ အရာရာ ပြည့်စုံနိုင်ပေမယ့် အိမ်ထောင်သည်ဘဝမှာတော့ နှစ်ဦးသား ချစ်နေရုံနဲ့ မလုံလောက်တော့ပါဘူ။ ဘာကြောင့်လည်းဆိုတော့ ထိမ်းမြားလက်ထပ်တယ်ဆိုတာ လူနှစ်ဦးနှစ်ယောက်တည်းရဲ့ ပေါင်းဖက်ခြင်းမဟုတ်ဘဲ အသိုင်းအဝိုင်းအဖွဲ့အစည်းနှစ်ခုရဲ့ ပေါင်းစပ်ခြင်း ဖြစ်လို့ပါပဲ။ အဲ့ဒိပေါင်းစပ်ခြင်းမှာ ပြဿနာနည်းပြီး အဆင်ပြေနေဖို့ဆိုတာ ဇနီးမောင်နှံ နှစ်ဦးနှစ်ယောက် စလုံးရဲ့ တာဝန်ပါ။

 

လက်ထပ်ပြီးနောက် ဆွေမျိုးဖြစ်သွားရတဲ့ ယောက္ခမတွေ၊ ယောက်ဖတွေ၊ယောင်းမတွေ ဆိုတာကလည်း ပြဿနာမရှိဘဲ အဆင်ပြေနိုင်ဖို့ အင်မတန် ခက်ခဲတဲ့ လူတွေပါ။ အိမ်ထောင်ဖက်ရဲ့ မိသားစုဝင်တွေနဲ့ အဆင်မပြေခြင်းက အိမ်ထောင်ရေးအတွက် ကြီးမားတဲ့ ဆူးခလုတ်ပါပဲ။ ဒီလိုဆူးခလုတ်တွေက ပြဿနာ သေးသေးလေးတွေက စလို့ အိမ်ထောင်ပြိုကွဲတဲ့အထိ ဂယက်ရိုက်နိုင်ပါတယ်။

 

ဒီတော့ ယောက္ခမတွေ၊ ယောက်ဖတွေ၊ ယောင်းမတွေ ဆိုတာ ပြဿနာ လူသားတွေလားလို့ မေးလာစရာ ရှိပါတယ်။ တကယ်တော့ သူတို့တွေက ပြဿနာကို အမြဲတမ်း တမင်သက်သက် ဖန်တီးနေတာတော့ မဟုတ်ပါဘူး။ လူလူချင်း ပတ်သက်ဆက်ဆံကြပြီ ဆိုမှဖြင့် စိတ်အတွေးသဘော မတူညီမှုတွေ ၊ ပြဿနာတွေက အနည်းနဲ့ အများ ဖြစ်နေကြမှာပါ။ ဒါကြောင့်လည်း အမေနဲ့ သမီး၊ အဖေနဲ့သား၊ ညီအစ်မတွေကြား၊ ညီအစ်ကိုတွေကြား စကားမများဖူး၊ ပြဿနာ မဖြစ်ဖူးဘူး ဆိုတာ မရှိပါဘူး။ တစ်ယောက်အကြောင်း တစ်ယောက် အူမချေးခါးမကျန် သိနေကြပြီး တစ်ယောက်ကောင်းကျိုးကို တစ်ယောက် အလိုလားဆုံး ဖြစ်တဲ့ သွေးသားရင်းချာ မောင်နှမတွေတောင်မှ စိတ်ဆိုးတာတွေ ရန်ဖြစ်တာတွေ ရှိတတ်ပါတယ်။

 

အဲ့ဒါကြောင့်မို့ တစ်ဦးနဲ့ တစ်ဦး သေချာမရင်းနှီးသေးဘဲ ရုတ်တရက် အမျိုးတော်လိုက်ရတဲ့ အိမ်ထောင်ဖက်ရဲ့ မိသားစုဝင်တွေနဲ့ အဆင်မပြေမှုတွေ ရှိတယ်ဆိုတာ မဆန်းပါဘူး။ ဒီလို အဆင်မပြေမှုတွေကလည်း သူတို့ဆိုးနေတာကြောင့် မဟုတ်သလို သင်ကမကောင်းလို့လည်း မဟုတ်ပါဘူး။ ပြဿနာတွေကတော့ အစုံအလင်ရှိနေမှာပါပဲ။ ဒါပေမယ့် ဒီလိုပြဿနာတွေကြောင့် ကိုယ်ပိုင်ဘဝလေးရဲ့ သာယာချမ်းမြေ့မှုတွေ မထိခိုက်အောင်လို့ ကြုံရတဲ့ ပြဿနာတွေတိုင်းကို ကြီးရာကနေ သေးအောင်၊ သေးရာကနေ ပပျောက်အောင်လို့ လိမ္မာပါးနပ်စွာ ဖြေရှင်းတတ်ဖို့ လိုပါတယ်နော်။

 

Credit;Marry

Read times Last modified on Tuesday, 29 January 2019 10:07
Rate this item
(1 Vote)