တစ်စုံတစ်ယောက် ဘဝထဲက ထွက်ခွာသွားတဲ့ အခါ

တစ်စုံတစ်ယောက် ဘဝထဲက ထွက်ခွာသွားတဲ့ အခါ google

ဘယ်လောက်ခံစားရလဲဆိုတာ ဘယ်သူထွက်သွားတာလဲ ဆိုတဲ့ အပေါ်မူတည်ပါတယ်။

အခုလက်ရှိမှာ သင်ဟာ Broken Relationship တစ်ခု နဲ့ ကြုံထားတယ်၊ ဒါမှမဟုတ် ကြုံပြီးတာတော့ ကြာပြီ ဒါပေမယ့် ခံစားရတာတွေ မသက်သာသေးဘူးဆို ဒီစာက သင့်ကို သက်သာရာရစေရန် ကူညီပေးနိုင်ဖို့ မျော်လင့်ပါတယ်။ Relationship လို့ပြောတဲ့ အခါ ချစ်သူကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ မိသားစုဝင် တစ်ယောက်ယောက်ပဲ ဖြစ်ဖြစ်၊ အနေနီးရသူ တစ်ယောက်ပဲ ဖြစ်ဖြစ်ပါ။ သံယောဇဉ် ရှိနေရသူတိုင်းကို ဆိုလိုပါတယ်။ ဒီလိုအခြေအနေ ကြုံနေရလို့ ခံစားနေရတယ်ဆို အောက်က အချက်လေးတွေကို ဖတ်ပေးပါ။

 

ကိုယ့်ဘဝထဲမှာ မနေချင်တော့တဲ့ သူတစ်ယောက်ကို ဆက်နေအောင် ဘယ်လိုမှ ဆွဲထားလို့မရဘူးဆိုတာ လက်ခံပေးပါ။

ရေစက်တွေ ကုန်သွားကြလို့ပါ ဆိုတဲ့ စကားကို ကြားဘူးမှာပါ။ ကိုယ့်ဘဝထဲ ဆက်မနေချင်တော့တဲ့ သူဟာ သင်ဟာ ဘယ်လိုပဲ အပင်ပန်းခံ ကြိုးစားကြိုးစား သင်အတွေးထဲ ငါသူနေချင်လာအောင် ဘာလုပ်ရမလဲဆိုပြီး တွေးနေတဲ့ စက္ကန့်တိုင်း သူ့အတွေးထဲမှာ ငါ ဘယ်လို ရုန်းထွက်ရမလဲ ဆိုပြီး သူလည်းတွေးနေမှာပါ။ ဒီလို အတွေးတွေ မတူညီတော့တဲ့အခါ ညှိနိုင်းရမယ့် အတွေးနှစ်ခုကြားက အတိုင်းအတာ ဟာလည်း တဖြည်းဖြည်းဝေးကွာလာပါတယ်။ သင်က သူ့ကို ဘယ်လို နေချင်လာအောင် ဆက်လုပ်ရမလဲလို့ ကြိုးစားလေလေ သူကလဲ ဘယ်လို ရုန်းထွက်ရမလဲ ပိုကြိုးစားလေလေ ပါပဲ။ အဲ့တော့ သူ့ဘက်က ခါးခါးသီးသီး ငြင်းနေပြီဆိုရင် အပင်ပန်း ဆက်မခံပါနဲ့တော့။ သင်တို့နှစ်ယောက်ရဲ့ နီးစပ်မှုတွေက ဖြတ်မျဉ်း နှစ်ကြောင်းလို အခြေအနေပါ။ အနီးဆုံး အခြေအနေမှာ တစ်ယောက်ဘဝ တစ်ယောက် ဖြတ်သန်းပြီး မတူညီတဲ့ လားရာကို လျောက်ကြရဖို့ အချိန်တန်လာပြီ ဆိုတာကို သင့်ဘက်ကသာ ရဲရဲကြီး လက်ခံလိုက်ပါ။

 

အမှတ်တရတွေဟာ တစ်ကယ်တော့ အရေးမပါပါဘူး။

အတူဖြုန်းခဲ့တဲ့ အချိန်တွေက ဖန်တီးထားတဲ့ အမှတ်တရတွေဟာ လမ်းခွဲရမယ့် အချိန်ရောက်လာတဲ့ အခါ ဘာမှ အရေးမပါဘူးဆိုတာ သင်သိလာမှာပါ။ ဒီအမှတ်တရတွေဟာ အဓိပ္ပါယ်မရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ သိပ် အဓိပ္ပါယ်ရှိခဲ့တဲ့ အမှတ်တရတွေတောင်မှ အရေးမပါတော့တာကို သတိထားမိစေချင်တာပါ။ လူတစ်ယောက်ကို လက်လွှတ်ရတာ ခက်ခဲပါတယ်။ လက်လွှတ်ချိန်တန်လာရင် ကျွန်တော်တို့တွေဟာ ရှိခဲ့ဘူးတဲ့ အတိတ်က အမှတ်တရတွေကို ပြန်တမ်းတ တတ်ကြပါတယ်။ ဒါ့အပြင်ကို ဒီလို အမှတ်တရတွေ အနာဂတ်မှာ မရှိတော့မှာ စိုးရိမ်တတ်ကြတယ်။ အဲ့တာကြောင့်ပဲ လက်လွှတ်သင့်တဲ့လူကို လက်လွှတ်သင့်ပြီလို့ သိရင်တောင် လက်တစ်ဖက်က အဲ့လူကို ဆက်ဆွဲထားတတ်ကြတယ်။ ဘာလို့ဆို ရှိခဲ့ဘူးတဲ့ အမှတ်တရတွေက သိပ်လှပခဲ့ဘူးတယ်လေ။ သိပ်ကို အဓိပ္ပါယ်ရှိတဲ့ နေ့တွေ ဖြစ်ခဲ့ဘူးတယ်။ မမေ့နိုင်ဘူး။ လွယ်လွယ်နဲ့ကို မေ့မရဘူး။ ဒါပေမယ့် သတိထားပါ။ အမှတ်တရဆိုတာ အတိတ်မှာ ကျန်ခဲ့တဲ့ အရာပါ။ လက်ရှိ ပစ္စုပ္ပန်မဟုတ်ပါဘူး။ အတိတ်က ကိစ္စတွေကို အရမ်းတွေးပြီး လက်ရှိ ပစ္စုပ္ပုန်ကို မစတေးပါနဲ့။ သင်လိုချင်တဲ့ အနာဂတ်ဆိုတာ မသေချာဘူးလေ။ အဲ့တော့ ထွက်သွားတော့မယ် ဆိုတဲ့ လူတစ်ယောက်ကို အတိတ်က အမှတ်တရတွေကြောင့် ဆွဲမထားပါနဲ့။ သင် သိပ်တန်ဖိုးထားတဲ့ အမှတ်တရတွေက သူ့ကို မထွက်သွားစေဖို့ ဘာမှ မတတ်နိုင်ပါဘူး။

 

ကိုယ့်ရဲ့ ခံစားချက်မှန်သမျှကို ကိုယ့်ဘာသာ ကိုင်တွယ်ပါ။

ခက်ခဲတဲ့နေ့ရက်တွေ၊ နာကျင်ရတဲ့ ခံစားချက်တွေကို တခြားသူတွေဆီ ရင်ဖွင့်တာ ကောင်းပါတယ်။ ဒါပေမယ့် သင်ရင်ဖွင့်တဲ့ သူတွေက သင့်ကိုမျှဝေခံစား ဂရုစိုက်ပေးလို့ပဲရပါမယ်။ လုံးဝဥဿုံ ပျောက်သွားဖို့ဆိုတာ သူတို့ ကူပေးလို့မရပါဘူး။ သင့်ကိုယ်သင်ပဲ ကယ်ရမှာပါ။ ဘာတွေ ခံစားနေရလဲဆိုတာကို စဉ်စားပါ။ ခံစားနေရတဲ့ ခံစားချက်မှန်သမျှ ချရေးကြည့်ပါ။ ခံစားချက် တစ်ခုတိုင်းဆီကို ဘာလို့ ခံစားရလဲဆိုတာ မေးခွန်းထုတ်ပါ။ ပြီးရင် ဒီလို ခံစားရတာ သက်သာအောင် ဘာလုပ်လို့ရမလဲ စဉ်းစား အဖြေထုတ်ပါ။ ထွက်သွားသူနောက်ကို ပြေးပြီးပြန်လိုက်ဆွဲတဲ့ အလုပ်က လွဲရင် သင့်ကို ပျော်စေမယ့် အရာအကုန် လုပ်ကြည့်လိုက်ပါ။ သင်ကိုယ်သင် ပျော်အောင် ဘယ်လိုထားရမလဲဆိုတာ သင်သာ အသိဆုံးပါ။

 

အချိန်ယူပါ။

အချိန်က ကုစားသွားမှာပါဆိုတဲ့ စကားကိုလဲ ထပ်ခါတလဲလဲ ကြားဖူးမှာပါ။ အသဲကွဲရတာ၊ နာကျင်ရတာ ဘယ်လောက်ထိ ကုစားရခက်လဲဆိုတာ ခံစားဘူးသူနဲ့ အချိန်ပဲ သိပါလိမ့်မယ်။ ခံစားရတာတွေ နေ့ချင်းညချင်းပျောက်ဖို့ဆိုတာ မလွယ်ပါဘူး။ မခံစားနဲ့ ခံစားစရာမလိုဘူး ဆိုတဲ့ စကားတွေကလည်း တကယ်တော့ ဘာအကူအညီမှ မရပါဘူး။ အဲ့တော့ ယုတ္တိရှိရှိ ပဲ ပြောပါမယ်။ ခံစားပါ။ ပြန်ကုစားဖို့လဲ အချိန်ယူပါ။ မလောပါနဲ့။ သူများအတွက် ကိုယ်အချိန်ပေးခဲ့တာ လွန်ပါပြီ။ အခု ကိုယ့်ကိုယ်ကို အချိန်ပေးပါ။

 

နှလုံးသား တံခါးကို မပိတ်ထားပါနဲ့။

သူငယ်ချင်း တစ်ယောက်ကို ဆုံးရှုံးရသည်ဖြစ်စေ၊ ချစ်သူကို ဆုံးရှုံးရသည်ဖြစ်စေ၊ မိသားစုဝင် တစ်ယောက်ကို ဆုံးရှုံးရသည်ဖြစ်စေ၊ သံယောဇဉ်ရှိသူ တစ်ယောက်ကို ဆုံးရှုံးရသည်ဖြစ်စေ၊ သူ့လိုလူ နောက်ထပ်မရှိတော့ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကို ခြံမခတ်ထားပါနဲ့။ သူ့လိုလူ ထပ်မရနိုင်တော့တာ မှန်ကောင်းမှန်နိုင်ပေမယ့် သူ့ထက်ကောင်းတဲ့သူ၊ သူနဲ့ မတူတဲ့ သူလည်းရှိနိုင်ပါသေးတယ်။ ကံဆိုးရင်တော့လည်း သူ့ထက်ဆိုးတဲ့ သူကိုပါ ကြုံချင်ကြုံရမှာပါ။ အတိတ်ဟောင်းကြောင့်တော့ အနားမှ ဖြစ်ပေါ်နေတဲ့ အသစ်သစ်တွေကို လျစ်လျှူရှု ဥပေက္ခာ မပြုပါနဲ့။ မိတ်ဆွေသစ်တွေ ဖွဲ့ပါ။ လူသစ်တွေနဲ့ စကားပြောကြည့်ပါ။ သင်ရဲ့ အတိတ်ဟာ အဆိုးတွေနဲ့ ပိတ်လှောင်နေရင်တောင် သင်ဟာ အနာဂတ်သစ်တွေ ခံစားဖို့ ထိုက်တန်ပါတယ်။ အဲတော့ ကိုယ့်ကိုယ်ကို ခတ်ထားတဲ့ ဘောင်ထဲက ထွက်ကြည့်ပါ။ မထွက်ချင်ဘူးဆိုရင်တောင် တံခါးလေးတော့ လှပ်ထားပါ။ အသေမပိတ်ထားပါနဲ့။

 

 

Credit : ဟန်ဆက်လူ

Myanmar Wedding Guide

Read times Last modified on Saturday, 16 February 2019 15:43
Rate this item
(1 Vote)