အခုခေတ်မှာ မင်္ဂလာပွဲ ပြုလုပ်တော့မယ်ဆိုရင် မင်္ဂလာလက်စွပ်ကလည်း အရေးကြီးတဲ့ အခန်းတစ်ခုအနေနဲ့ ပါဝင်လာပါတယ်။
မင်္ဂလာလက်စွပ်ပေးရတာဟာ မင်္ဂလာမောင်နှံတွေ တစ်ဦးနဲ့တစ်ဦး ကတိသစ္စာကို တိုင်တည်သက်သေပြုတဲ့အနေနဲ့ အပြန်အလှန် ဝတ်ဆင်ပေးကြတာ ဖြစ်ပါတယ်။ ဒီတော့ တစ်ဘဝလုံး ဝတ်ဆင်ရမယ့် သက်သေပြုတဲ့အရာလေးကို ရွေးချယ်တဲ့နေရာမှာတော့ ဆန်းပြားလှတဲ့ ဒီဇိုင်းပေါင်းများစွာနဲ့ ဈေးနှုန်းတွေက စိတ်ရှုပ်ထွေးစရာတွေ ဖြစ်လို့လာပါတယ်။
ပုံမှန်အားဖြင့်တော့ သတို့သားတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ရိုးရိုးရှင်းရှင်း ဗြောင်ကွင်းလေးတွေကိုသာ ရွေးချယ်ကြပေမယ့် ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ အခုချိန်မှာတော့ သတိုးသားတွေလည်း ကျောက်မျက် ဒါမှမဟုတ် စိန်တစ်ပွင့် ထည်လေးကို ခန့်ခန့်ထည်ထည် ဝတ်ဆင်လာကြပါတယ်။ သတိုးသမီးအများစုကတော့ ရိုးရှင်းတဲ့ ဗြောင်ကွင်းလေးတွေထက် တစ်ပွင့်တည်းပါတဲ့ ကျောက်မျက် ဒါမှမဟုတ် စိန်နဲ့ ဒီဇိုင်းဖော်ထားတဲ့ ပုံစံလေးတွေကိုပဲ ကြိုက်နှစ်သက်ကြပါတယ်။
သတို့သား၊ သတို့သမီးတွေကတော့ ဒီလို မင်္ဂလာလက်စွပ်ကို ရွေးချယ်တဲ့အခါ လှပပြည့်စုံတဲ့ လက်စွပ်လေးတစ်စုံ ရရှိဖို့အတွက် အချိန်အတိုင်းအတာတစ်ခု ယူတတ်ကြတာကို တွေ့ရပါတယ်။ လက်ထပ်လက်စွပ်တွေကို နိုင်ငံတကာမှာတော့ ရွှေဖြူ၊ ပလက်တီနမ်၊ အဝါရောင်ရွှေ၊ တိုင်တေနီယမ်၊ အဖြိုက်နက်တို့နဲ့ ပြုလုပ်ထားတာတွေကို ဝတ်ဆင်ကြတာ များပါတယ်။ ရွှေဖြူ၊ ပလက်တီနမ် နဲ့ အဝါရောင်ရွှေတွေဟာ အရည်အသွေးမြင့်ပြီး အဆင့်အတန်းရှိပေမယ့် အနောက်တိုင်းနိုင်ငံအတွက်ကတော့ အဖြိုက်နက်နဲ့ တိုင်တေနီယမ်တို့က ပိုပြီးခေတ်မီလှပနေတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ရွှေ၊ ပလက်တီနမ် နဲ့ Rose Gold တို့ကပဲ ခေတ်မီပြီး ၀တ်ဆင်သူများတယ်လို့ သိရပါတယ်။
Author: Nilar Phyo
 
			
							
						

 
		  	
		  


 
  
  
  
  
  
  
  
  
  
  
  
  
  
  
  
 