BFF ကို ဆုံးရှုံးရခြင်းက ချစ်သူကို ဆုံးရှုံးရခြင်းထက် ဘာကြောင့်ပိုခံစားရသလဲ

BFF ကို ဆုံးရှုံးရခြင်းက ချစ်သူကို ဆုံးရှုံးရခြင်းထက် ဘာကြောင့်ပိုခံစားရသလဲ

အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးရတဲ့ ကြေကွဲမှုဟာ ဆွတ်ပျံ့လွမ်းမောဖွယ် အချစ်ဇာတ်လမ်းကို ကျောခိုင်းရတဲ့ ဝေဒနာထက် ပိုမိုပြင်းထန်ပြီး ခံစားရ ခက်ခဲပါလိမ့်မယ်။

ချစ်သူနဲ့ လမ်းခွဲတဲ့အခါ သင့်ဘေးမှာ အဆင်သင့်ရှိနေတဲ့ သူငယ်ချင်းက အားပေးနှစ်သိမ့်ကာ ခက်ခဲတဲ့အချိန်တွေကို အတူတကွ ဖြတ်ကျော်ပေးလို့ စိတ်သက်သာရာ ရစေနိုင်ပေမယ့် အချစ်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ အပြီးသတ် ပြတ်စဲ၊ ခွာပြဲတဲ့အခါမှာတော့ သင့်အနားမှာ ဘယ်သူမှ ရှိမနေနိုင်တဲ့အတွက် အထီးကျန်ဆန်တဲ့လမ်းကို တစ်ယောက်တည်း လျှောက်လှမ်းရပါလိမ့်မယ်။

 

ဒါ့အပြင် အချိန်များစွာ အတူဖြတ်သန်းဖူးတဲ့ သံယောဇဉ်နဲ့ အမှတ်တရတွေကြောင့် ဒီဝေဒနာကို ကုစားဖို့ အချိန်အတော်ကြာတဲ့ထိ တမြည့်မြည့် ခံစားနေရပါလိမ့်မယ်။

 

ဘာအကြောင်းတွေကြောင့် ချစ်သူနဲ့ လမ်းခွဲရတာထက် ပိုခံစားရသလည်းဆိုတာ အောက်မှာ ဆက်လက်ဖော်ပြပေးလိုက် ပါတယ်။

 

တစ်သက်တာကျောခိုင်းဖို့ ရည်ရွယ်ပြီး အပေါင်းအသင်းလုပ်ခဲ့တာ မဟုတ်ခြင်း။

 

ချစ်သူရည်းစားထားတဲ့အခါ ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော၊ တစ်ချိန်ချိန်မှာ လမ်းခွဲသွားရင်ဆိုတဲ့ အတွေးတစ်ခုက ရှိနေပါလိမ့်မယ်။ သို့ပေမယ့် သူငယ်ချင်း အပေါင်းအသင်းကို ချစ်ချစ်ခင်ခင် ပေါင်းသင်းတဲ့အခါ တစ်ချိန်ချိန်မှာ စိမ်းကားရက် စက်သွားလေမယ်လို့ မျှော်လင့်ချက် မရှိခဲ့ကြပါဘူး။ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားတဲ့အခါ စိတ်တူကိုယ်တူ ဖြတ်သန်း ပြီး ပျော်မွေ့နေတဲ့အတွက် ကျောခိုင်းရမယ့် အရိပ်အယောင်၊ အခြေအနေကို ကြိုမြင်ရဖို့ အလွန်မျက်ကန်းခဲ့မိနိုင်ပါတယ်။

 

စိတ်ရောကိုယ်ပါနှစ်ပြီး ပေါင်းသင်းခဲ့ခြင်း။

 

သင့်အချစ်ဆုံးသူငယ်ချင်းနဲ့ ပေါင်းသင်းတဲ့အခါ ဟန်ဆောင်မှုတွေ ဘေးချိတ်ပြီး အရှိကိုအရှိအတိုင်း စိတ်ရောကိုယ်ပါ နှစ်ပြီး ပေါင်းသင်းခဲ့ပါလိမ့်မယ်။ အချိန်တွေကြာလာလေ သင့်အကြောင်းတွေကို ခရေစေ့တွင်းကျ သိလာလေ ဖြစ်တာကြောင့် သင့်အတွက် ဟာကွက်တစ်ခု ဖြစ်သွားစေနိုင်ပြီး အဆုံးသတ်သွားတဲ့အချိန်မှာ အတ္တမာနအဖြစ် အရှိန်အဟုန်ပြင်းပြင်းနဲ့ ပေါက်ကွဲထွက်သွားစေနိုင်ပါတယ်။

 

သူငယ်ချင်းနဲ့ စိတ်ချင်းနီးစပ်မှုက ပိုမြန်ခြင်း။

 

အချစ်ရေးမှာလည်း ရန်ခုန်စရာ အမှတ်တရတွေကို ဖန်တီးနိုင်ပါလိမ့်မယ်။ သို့ပေမယ့်လည်း သူငယ်ချင်းနဲ့က ပိုပြီးနီးစပ်မှု ပိုဖြစ်စေပြီး၊ နက်ရှိုင်းတဲ့ အမှတ်တရတွေကို ပိုမိုဖန်တီးပေးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ တစ်သက်မှာ မေ့မရတဲ့ အမှတ်တရဖြစ်ရပ်လေးတွေအဖြစ် ပြောင်းလဲပေးနိုင်လို့ ရင်ထဲက သံယောဇဉ်ကို ပိုမိုနက်ရှိုင်းစေပါတယ်။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးရခြင်းဟာ ငယ်ဘ၀ အမှတ်တရများကိုပါ တစ်ပါတည်း ဆုံးရှုံးပြီးသား ဖြစ်စေနိုင်ပါတယ်။

 

ပတ်ဝန်းကျင်ချင်းပေါင်းစည်းလိုက်မိခြင်း။

 

သူငယ်ချင်းအချင်းချင်း ခင်မင်ရင်းနှီးပြီး မကြာခင်မှာပဲ ကိုယ်နဲ့ပတ်သက်တဲ့ မိသားစု၊ အသိုင်းအ၀ိုင်းတွေနဲ့ပါ အပြန်အလှန် မိတ်ဆက်ပေးတတ်ကြပါတယ်။ ဒီ့နောက် မိသားစုလိုက် ပြလုပ်တဲ့ပွဲတွေမှာ သူကလည်း အပါအ၀င် ဖြစ်လာပါတယ်။ အပြန် အလှန် ရင်းနှီးခင်မင် ဆက်ဆံကြရာမှာ သူတစ်ယောက်တည်းတင် မဟုတ်ဘဲ သူနဲ့ပတ်သက်ပြီးမှ ဆင့်ပွားထပ်ခင်မင်ရတဲ့ လူတွေ ရှိလာနိုင်ပါသေးတယ်။ သို့သော်လည်း သူငယ်ချင်းသံယောဇဉ် ပျက်ပြီး ကျောခိုင်းကြတဲ့အခါ ထိုသူငယ်ချင်း တစ်ယောက်တည်းကို မဟုတ်ဘဲ သူနဲ့ပတ်သက်တဲ့ အသိုင်းအ၀ိုင်းက ကိုယ်ခင်မင်ရတဲ့သူတွေကိုပါ တစ်ပါတည်း ဆုံးရှုံးလိုက်ကြရတတ်ပါတယ်။

 

သင့်အကြောင်းအားလုံးကို သိရှိနေခြင်း။

 

သူငယ်ချင်းဆိုသည်မှာ သင့်ရဲ့ခက်ခဲတဲ့အချိန်တွေ၊ အဖြစ်အပျက်တွေကို အကုန်အစင် ရင်ဖွင့်ရာနေရာ ဖြစ်ပါတယ်။ အဲ့သည့်လို ကိုယ့်အကြောင်းတွေ အူမချေးခါး အကုန်လုံး သိနေတဲ့လူတစ်ယောက်ဟာ ကိုယ်နဲ့အဆင်မပြေ ဖြစ်သွားတဲ့ အချိန်မှာတော့ စိုးရိမ်ပူပန်မှုနဲ့ နေမထိထိုင်မသာ ဖြစ်ရနိုင်ပါတယ်။ ကိုယ်နဲ့ တစ်စက်မှ ခင်မင်မှု၊ နီးစပ်မှု မရှိတော့တဲ့သူဟာ ကိုယ့်အကြောင်းတွေ အကုန်သိနေပြီး ဘာတွေများ ဆက်ဖြစ်မလည်းဆိုတာ တွေးရင်း ခံစားလို့ အဆင်မပြေတဲ့ အချိန်မျိုးတွေ ကြုံရနိုင်ပါတယ်။

 

၅၂၈မေတ္တာကြောင့် အသည်းကွဲရတာက ၁၅၀၀မေတ္တာကြောင့် အသည်းကွဲရတာထက် ပိုခံစားရပါတယ်နော်။ ဒါကြောင့် ချစ်သူခင်သူအားလုံးပဲ အဆင်ပြေပြေ သင့်သင့်မြတ်မြတ် နေထိုင်သွားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်။

 

Source:  Shwemom

Read times Last modified on Monday, 10 December 2018 14:31
Rate this item
(2 votes)
Tagged under